နေပြည်တော် ဒီဇင်ဘာ ၉
လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် ဖွဲ့စည်းထား သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ
ဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် အရေးကြီးဆုံး လုပ်ငန်းစဉ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန် လွှဲပြောင်းပေးနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်ရေးသည် လွန်စွာအရေးကြီး ပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်မှသာ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်မည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက် အရ ၂၀၂၂ ခုနှစ် ဇွန်လမှစတင်၍ မိမိတို့ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီဆောင်ရွက်မှုကိုရယူကာ လဝကမြို့နယ် ဦးစီးမှူးရုံးများတွင်ရှိသည့် နိုင်ငံသားကတ်ပြား ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) မှတ်တမ်းများကို ပထမအဆင့်အနေဖြင့်လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)ပါ အချက် အလက်များကို ဒုတိယအဆင့်အနေဖြင့်လည်းကောင်း၊ နည်းပညာအသုံးပြု၍ နေပြည်တော်ရုံးချုပ်ရှိ Server အတွင်းသို့ ဖြည့်သွင်းခြင်းလုပ်ငန်းကို ယခုအခါ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ယင်းစာရင်းအချက်အလက်များအပေါ် မူတည်၍ တတိယအဆင့်အနေဖြင့် လူဦးရေစာရင်းမှန်ကန် စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ယင်းလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ကြီးကြပ်မှုဗဟိုကော်မတီက ဒီဇင်ဘာ ၂ ရက်တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖြစ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် စသည့်မြေပြင် ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့တို့ကို ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည့် နိုင်ငံတော်စီမံချက်ဖြစ်သည့်အတွက် ကြီးကြပ်မှု ဗဟိုကော်မတီအနေဖြင့် ကော်မတီအဆင့်ဆင့်ကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်း ကော်မတီအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် ကြီးကြပ်မှုဗဟို ကော်မတီဝင်များက အချိန်မီဖြည့်ဆည်းဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က သင်တန်းစီမံချက်နှင့် မြေပြင်ကွင်း ဆင်းစာရင်း ကောက်ယူရေး စီမံချက်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာ အုပ်ချုပ်မှုစီမံချက်ကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ဆက်လက်၍ ကြီးကြပ်မှုဗဟိုကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမည့် အခြေအနေ၊ ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ သင်တန်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု၊ စာရင်းကောက်ယူရေးဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဉ်အလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟို ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များက လုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
တက်ကြွစွာ ပူးပေါင်းကူညီဆောင်ရွက်
ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အနာဂတ် အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံတော် စီမံချက်တစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်ကြွစွာ ပူးပေါင်းကူညီဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်