Skip to main content

၂၀၁၇ - ၂၀၁၈ ခုနှစ်မှ ၂၀၂၁ - ၂၀၂၂ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းရန် ပျက်ကွက်နေမှုများကိုစိစစ်၍ ထိုက်သင့်သည့် အရေးယူမှု များ ဆောင်ရွက်သွားမည်

နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံလမ်းညွှန်ထားသော “တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်း (MSME) ထုတ်ကုန်ပစ္စည်းများ မြှင့်တင်ဆောင်ရွက်ပြီး ဒေသတွင်း စီးပွားရေးတိုးတက်စေရန်” လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နိုင်သည့် မြေများကို အပြည့်အဝ အသုံးချ လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၈/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

အစည်းအဝေးသို့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ကြပြီး ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးရမည့် လုပ်ငန်းစာတွဲများကို တင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။

အဆိုပါ အစည်းအဝေးမှ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်သော ခွင့်ပြုဧရိယာများအပေါ်သတ်မှတ် စည်းကမ်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ရန် သတ်မှတ်အချိန်ကာလများ ရောက်ရှိနေပြီဖြစ်၍ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး ပြည် နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများ ကလည်း အထူးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၁-၂၀၂၂ ခုနှစ်အထိ တစ်ဆက်တည်း မြေခွန်စည်းကြပ် ကောက်ခံမှုအပေါ် မြေခွန်ပေးသွင်းရန် ပျက်ကွက်နေမှုများကိုလည်း စိစစ်၍ထိုက်သင့်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ အပိုဒ် (၅၂) အရ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသည့် နေ့မှစ၍ လေးနှစ်အတွင်း ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်တွင် ၃၀ ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် ၂၅ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့် လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်ပြီး ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်းအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် ကာလအတွင်း လုပ်ငန်းပြီးစီးသည်အထိ ဖော်ထုတ် လုပ်ကိုင်ရမည်ဖြစ်သည်။ အလားတူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ အပိုဒ် ၁၆(ဂ) အရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်း ပြုလုပ်ခွင့်မရှိကြောင်း၊ ယခင် အစိုးရကာလများမှ ယခုကာလအထိ စည်းကမ်းချက် မကိုက်ညီ၍ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့ရသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧကပေါင်း ၁၆ သိန်းခန့်ရှိကြောင်း သိရသည်။

သတင်းစဉ်