Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပညာရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ယ‌နေ့ ပညာရေးအားနည်းနေမှုကို ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ဆရာဆရာမများနှင့် အခြေခံပညာမှ ဆရာ ဆရာမများ ဝိုင်းဝန်း ဆောင်ရွက်မှသာလျှင် ပညာ‌ရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာရေးနိမ့်ကျလျှင် ဘက်စုံ နိမ့်ကျမည်ဖြစ်ပြီး အလွတ်ကျက်မှတ်သည့်စနစ်ကို ပပျောက်စေရန်နှင့် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏အရည်အချင်း မြင့်မားအောင် မိမိတို့ကိုယ်တိုင် စာများများဖတ်ရန် လိုအပ်ပါကြောင်း၊ တော်သော၊ စာသင်ကောင်းသော ဆရာဆရာမများဖြစ်ရန်အတွက် ကိုယ်တိုင်လေ့လာ သင်ယူကာ မိမိသင်ပြသော ဘာသာရပ်ကို အမှန်တကယ်တတ်ကျွမ်းရမည်ဖြစ်ကြောင်း၊ ဘာသာရပ်တစ်ခုတည်းကိုသာ လေ့လာနေရုံသာမက ဆက်စပ်နေသည့် ဘာသာရပ် များကိုလည်း လေ့လာရန်လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် မိမိသင်ကြားနေသည့် တပည့်များအား အမှန်တကယ်တော်သော၊ တတ်မြောက်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် စေတနာထား၍ သင်ကြားပေးကြရန်လိုအပ်ကြောင်း။

ပညာရေးဝန်ကြီးဌာနသည် ပညာတတ်များ အများဆုံးရှိသည့် နေရာဖြစ်သည့်အတွက် မိမိတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း၊ သုတေသနနှင့်စပ်လျဉ်း၍ သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့်အတွက် သုတေသနဆောင်ရွက် ရေး၊ သင်ကြားရေး၊ အရည်အချင်းမြှင့်တင်ရေးအတွက် ဘာသာရပ်ဌာနများ၏ စာကြည့်တိုက်များအတွက် ဘာသာရပ်ရည်ညွှန်းစာအုပ်များ ဖြည့်ဆည်းရန်လိုအပ်သော ရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ဌာနများအတွက် ရေသန့်စက်များ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးဖြင့် ညီညွတ်စွာ တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားလိုပါကြောင်း‌ ပြောကြားပြီး ဆရာ ဆရာမများနှင့် ဝန်ထမ်းများက လိုအပ်သည်များကိုတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိ၍ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီးက လိုအပ်သည်များကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လသာမြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများ စိုက်ပျိုး ထားသော ပရဆေးပျိုးဥယျာဉ်နှင့် ပန်းအလှပင်များကိုလည်း ကောင်း၊ ဘာသာစကား သင်ကြား ရေး Language Lab အခန်းတွင် Grade-9 ကျောင်းသားကျောင်းသူများ၏ သင်ကြားသင်ယူနေမှုများကိုလည်းကောင်း၊ စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုတို့ကိုလည်း ကောင်း လှည့်လည်ကြည့်ရှုပြီး Language Lab အသစ် လဲလှယ်တပ်ဆင်ရေး၊ စာအုပ်ဗီရိုနှင့် စာအုပ်များ ဖြည့်တင်းရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ပေးသည်။

အလားတူ ဒဂုံမြို့နယ် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် တာမွေမြို့နယ် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ စာသင်ယူနေမှုများကိုကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်