နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားပြီး ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြှင့်သည်။
အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် / ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
အသိအမှတ်ပြု
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင် ကောင်းမြတ်သည့်အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်းတာဝန်ထမ်းဆောင်လာခဲ့ကြသည်မှာ (၅၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်၍ ဌာနဝန်ထမ်းအားလုံးအတွက် အလွန်ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် ရုံးပေါင်း ၅၅ ရုံးအထိ တိုးချဲ့ဖွင့်လှစ်ပြီး ဌာန၏လုပ်ငန်းတာဝန်(၆)ရပ်ကို အစဉ်အဆက်ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည်ကို အသိအမှတ်ပြု ပါကြောင်း၊ ဌာနအနေဖြင့် မော်တော်ယာဉ်များ၊ ယာဉ်မောင်းလိုင်စင်များကို ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ စပြီး နိုင်ငံတော်က မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒကို ဖြေလျှော့ခွင့်ပြုပေးခဲ့သည့်အတွက် ၂၀၁၁ ခုနှစ်တွင် ယာဉ်စီးရေ ၂ ဒသမ ၃ သန်းကျော်သာရှိခဲ့ရာမှ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ယာဉ်စီးရေ ၇ ဒသမ ၂ သန်းကျော်အထိ ဆယ်စုနှစ်ကာလအတွင်း သုံးဆကျော်တိုးတက် မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဌာန၏ အဓိကလုပ်ငန်းများတွင် IT နည်းပညာ အသုံးပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် QR Code ဖတ်ရှုနိုင်သည့် Smart Card ယာဉ်မောင်းလိုင်စင်များ၊ ယာဉ်နံပါတ်ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည့်အတွက် IT နည်းပညာသုံးဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ ကောင်းစွာလိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
National Road Safety Council ၏ Focal Department အဖြစ် NRSC ၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကိုတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် Global Plan for UN’s Decade of Action for Road Safety (2021-2030)နှင့်အညီ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အောင်မြင်စွာပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အာဆီယံ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ၏ Focal Department အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များအား ပြောင်းလဲတပ်ဆင်ပေးနိုင်ခြင်းသည်လည်း ဌာန၏ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုအဖြစ် အသိအမှတ်ပြုပါကြောင်း၊ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးအတွက် အဓိကကျသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအချင်းချင်း ကူးလူးသွားလာမှု၊ ထိတွေ့ဆက်ဆံမှုအတွက်လည်း အရေးပါလှပါကြောင်း။
“ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံနှင့်ပြည်သူ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာအောင် ရည်မှန်းချက်ထားပြီး ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ဆတက်ထမ်းပိုး ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။
ဂုဏ်ပြုဆုများ ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ အရာရှိကြီးများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများနှင့် သင်တန်းအသီးသီး၌ ထူးချွန်ဆုရရှိခဲ့ကြသည့် အရာထမ်း/အမှုထမ်းများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ထူးချွန်ဆုရဝန်ထမ်းများ၊ ဌာနအရာထမ်း/အမှုထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူးချုပ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အတူတကွသုံးဆောင်
နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ရုံး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းခန်းမ၌ ပြုလုပ်သည့် နှစ်ပတ်လည်နေ့ ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့တက်ရောက်ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအားလုံးနှင့် မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာ အတူတကွသုံးဆောင်ကြသည်။
အလားတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး / ပြည်နယ် / ခရိုင်ရုံး အသီးသီး၌လည်း (၅၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဌာနမှ အငြိမ်းစားဝန်ထမ်းဟောင်းများကို ဖိတ်ကြား၍ ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ စားပွဲများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်