Skip to main content

တောင်ငူမြို့တွင် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိသော သံတောင်ကြီးဒေသထွက်ကော်ဖီ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ အထက်တွင်ရှိပြီး စိုက်ပျိုး မြေဧရိယာအများဆုံးမှာ ကော်ဖီဖြစ်ပါသည်။ သံတောင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ရရှိသည့် စာရင်းအရ လျားထားစိုက်ဧက ၉၈၃၆ ရှိပြီး စိုက်ပျိုးပြီးဧကမှာ ၉၈၀၆ ဧကဖြစ်ပါသည်။ စိုက်ပျိုးသည့်ကော်ဖီမှာ Robusta အမျိုးအစားဖြစ်ပါသည်။ အသီးဆွတ်ခူးနိုင်သည့် အပင်မှာ ၇၅၄၇ ဧက ရှိပါသည်။ ယခုနှစ်ကော်ဖီအထွက်နှုန်းမှာ တစ်ဧကလျှင် ၁၇၂ ပိဿာရှိသဖြင့် ကော်ဖီစေ့ ၂၁၂၀ တန်ခန့် ထွက်ရှိသည်။ သံတောင်ကြီး မြို့နယ်သည် သီးနှံများစိုက်ပျိုးရာတွင် ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအသုံးပြုမှု အနည်းဆုံးဒေသတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ကော်ဖီပင်များကို ပုံမှန်အားဖြင့် ဖေဖော်ဝါရီလတွင် ပျိုးထောင်ကြပါသည်။ ပျိုးဘောင်ကိုအရိပ် ၇၀ % ရသောနေရာမှာ စနစ်တကျပြင်ဆင်ရပါမည်။ အပင်ပေါက်ရန် ရက် ၃၀ မှ ရက် ၅၀ ခန့်ကြာမြင့်ပါသည်။ အပင်ပေါက်မှု ၉၅ ရာခိုင်နှုန်းရှိနေစေရန် မျိုးစေ့သက်တမ်းလေးလ အတွင်း ပျိုးထောင်ရပါမည်။ ကော်ဖီစိုက်ပျိုးရာတွင် ပျိုးပင်၏သက်တမ်းတစ်နှစ်သား အရွက်စုံ ခြောက်စုံမှ ရှစ်စုံရှိနေချိန် စိုက်ခင်းထဲသို့ မြေချစိုက်ပျိုးရပါသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး သဘာဝအတိုင်းထားပါက ပေ ၂၀ ကျော်အထိ မြင့်ပါသည်။သို့ရာတွင် ကော်ဖီခြံများတွင် အသီးများအလွယ်တကူ ခူးဆွတ်နိုင်ရန်ကိုင်းများ ချိုင် ပေးကြပါသည်။ အရွက်နှင့်အကိုင်းဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူ များအစုလိုက်ပွင့်ကြပါသည်။ ကော်ဖီတစ်ပင်သည် အနှစ် ၂၀ ကြာအောင် အသီးသီးပါသည်။ ကော်ဖီသီးများသည် ပထမတွင်အစိမ်းရောင်ဖြစ်၍ ဝါလာပြီး နောက်ဆုံးတွင် နီသွားပါသည်။ ရာသီဥတုကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင်နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင် အပွင့်နှင့်အစိမ်းသီး၊ အမှည့်သီးများတွေ့ရတတ်ပါသည်။ ကော်ဖီသီးများမှည့်သောအခါ အသီးများခူးဆွတ်၍ အခြောက်လှမ်းခြင်း၊ အစေ့ထုတ်ခြင်းများ ပြုလုပ်ကြပါသည်။ ဒီဇင်ဘာလတွင် ကော်ဖီသီးများကို စတင်ဆွတ်ခူးနိုင်ပါသည်။ ဖေဖော်ဝါရီလနှင့် မတ်လ များသည် ကော်ဖီလှိုင်လှိုင်ပေါ်သည့်ကာလဖြစ်ပါသည်။ သံတောင်ကြီးဒေသထွက် ကော်ဖီများမှာကြွက်အန္တရာယ်ကြောင့်လည်းကောင်း၊ လုပ်သားရှားပါးမှုကြောင့်လည်းကောင်း၊ အနု၊ အရင့်၊ အမှည့်၊ အစိမ်းအားလုံးဆွတ်ခူးကြသဖြင့် ရွာငံဒေသထွက် ကော်ဖီစေ့၏အရည်အသွေးကို မူမမီကြောင်း သိရှိရပါသည်။ အနံ့၊ အရသာနှင့်ပြည့်စုံသော ကော်ဖီကိုသောက်သုံးနိုင်ရန်အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင်ရအောင် လှော်ပေးရပါသည်။ ရှေးကကော်ဖီစေ့ကို အိမ်မှာပင်လှော်ယူကြ သော်လည်း ယခုအခါတွင် အလုပ်ရုံကြီးများတွင် ခေတ်မီနည်းပညာများဖြင့် လှော်ကြပါသည်။ ကော်ဖီစေ့များကို လှော်ပြီးသောအခါ အမှုန့်ကြိတ်ရပါသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးပြီးချင်း ဖျော်သောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်ကို သိရှိရပါသည်။ သံတောင်ကြီးမြို့နယ်မှထွက်ရှိသော ကော်ဖီများကို တောင်ငူမြို့မှ သံတောင်ကြီးဒေသ ထွက်ကွမ်းသီး၊ ချဉ်ပေါင်ဖာလာနှင့် ကော်ဖီဝယ်ယူသည့် ကုန်သည်ကြီးများက အဓိကဝယ်ယူပြီး ကော်ဖီမှုန့်လုပ်ငန်းများဖြစ်သော ဖိုးလမင်း၊ ပဒေသာ၊ လင်းတို့မှလည်း ဝယ်ယူကြပါသည်။ ကော်ဖီစေ့အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ ရောင်းချရကြောင်း သိရှိရပါသည်။ တောင်ငူမြို့မှ ကော်ဖီမှုန့်လုပ်ငန်းများသည် သံတောင်ကြီးဒေသမှ ကော်ဖီစေ့များကို ဝယ်ယူပြီး ခေတ်မီစက်ကြီးများဖြင့်လှော်၍ အမှုန့်ကြိတ်ရောင်းချပါသည်။ ကော်ဖီ စေ့တစ်ပိဿာကြိတ်လျှင် ကော်ဖီမှုန့် ၇၀ ကျပ်သား ရရှိကြောင်း၊ ကော်ဖီမှုန့်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ ဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချရကြောင်း သိရှိရပါသည်။ တောင်ငူမြို့မှ ကုန်သည်ကြီးများက ဝယ်ယူသော သံတောင်ကြီးဒေသထွက် ကော်ဖီစေ့များ ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြပါသည်။ ကော်ဖီစေ့တစ်တန်လျင် ကျပ်သုံးဆယ်ငါးသိန်းမှ ကျပ်သိန်းလေးဆယ်အထိ ရရှိကြောင်း သိရှိရပါသည်။ ကော်ဖီတွင်ပါဝင်သော caffeineသည် လူကိုလန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝစေပါ သည်။ အဆီများကို လောင်ကျွမ်းစေပါသည်။ caffeine သည် နာကျင်ရောင်ရမ်းခြင်းကိုလည်း လျှော့ချပေးနိုင်ပါသည်။ အသက်ကြီးလာလျှင်ဖြစ်တတ်သော အတိတ်မေ့ရောဂါနှင့် မေ့လွယ်သည့် ရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါသည်။ စိတ်ကိုပျော်စေပါသည်။ သို့ဖြစ်ပါ၍ စိတ်ဓာတ်ကျနေသူများနှင့် စိတ်ရှုပ်နေသူများအတွက် ကော်ဖီသောက်လိုက်ခြင်းဖြင့် စိတ်ကိုပျော်ရွင်စေမှာဖြစ်ပါသည်။ caffeine က လှုံ့ဆော်ပေး၍ ထွက်ရှိလာသော adrenaline ဟော်မုန်းသည် စိတ်ပျော်စေခြင်း၊ တက်ကြွစေခြင်းကိုဖြစ်စေပါသည်။ ကော်ဖီသည်ဆီးချိုဖြစ်ပွားမှုကို လျှော့ချပေးနိုင်သကဲ့သို့ ကော်ဖီတွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးကြောင်း သိရှိရပါသည်။ ကော်ဖီတွင် Vitamin B, Magnesium နှင့် Potassium သတ္တုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သဖြင့် အာဟာရများစွာရရှိစေပါသည်။ တန်လျှင်ဆေးလွန်လျှင်ဘေးဆိုသကဲ့သို့ ကိုယ်ခန္ဓာသည် ကော်ဖီကိုလက်ခံနိုင်သော ပမာဏ တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် မိမိခန္ဓာကိုယ်ကလက်ခံနိုင်သည့်ပမာဏထက် ကျော်သွားသည့်အခါ ရင်တုန်ခြင်း၊ အားမရသလိုဖြစ်ခြင်းမျိုး ဖြစ်တတ်ပါသည်။ ကော်ဖီတွင်ပါဝင်သော caffeine သည် ညဘက်အိပ်မပျော်ခြင်းကို ဖြစ်စေတတ်ပါသည်။ ကော်ဖီကလူကို စွဲလမ်းစေတတ်ပါသည်။ မူးယစ်ဆေးကဲ့သို့ ကော်ဖီသည်လည်း သောက်တဲ့သူတိုင်းကို စွဲလမ်းစေတတ်သည့် အရာတစ်ခု ဖြစ်ပါသည်။ ကိုယ်ဝန်ရှိချိန် ကော်ဖီကို တစ်ခွက်ထက်ပိုသောက်သုံးလျှင် ကလေးဆီသို့ caffeine ရောက်သွားပြီး အဆိပ်သင့်စေ၍ ကလေးပေါင်မပြည့်တာမျိုးတွေကို ဖြစ်စေတတ်ပါတယ်။ ကော်ဖီဟာ ကြွက်သားများကိုပြေလျော့စေသဖြင့် အက်ဆစ်များပြန်ဆန်တက်စေပြီး ရင်ပူခြင်းများကို ဖြစ် စေတတ်ကြောင်းသိရပါသည်။ သို့ဖြစ်၍ ကော်ဖီကို ဖြည့်စွက်အာဟာရအနေဖြင့် မသုံးဆောင်သင့် ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ယခုအခါ ကော်ဖီဈေးကွက်မှာ မြင့်မားလာနေပြီး ကုန်ကြမ်းအဖြစ်သာမက တန်ဖိုးမြှင့်ကော်ဖီထုတ်ကုန်များအဖြစ် ရောင်းချပေးနိုင်ပါက ဈေးကွက်ပိုမိုကောင်းမွန်လာ မည်ဖြစ် ပါသည်။ မြန်မာ့ကော်ဖီများကို ကမ္ဘာ့နိုင်ငံများကပင် စိတ်ဝင်စားလာလျက်ရှိနေရာ သံတောင်ကြီး ဒေသမှကော်ဖီစိုက်ပျိုးသူ တောင်သူကြီးများသည် မိမိစိုက်ပျိုးသောကော်ဖီပင်များကို နည်းစနစ်မှန်ကန်စွာခူးဆွတ်ခြင်း၊ ကော်ဖီလုပ်ငန်းရှင်များက တန်ဖိုးမြင့်ကော်ဖီများထုတ်လုပ်ခြင်းဖြင့် ကမ္ဘာ့ကော်ဖီဈေးကွက်ကို ထိုးဖောက်သွားနိုင်မည်လည်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ DOCA(ပဲခူး)