နေပြည်တော် ဒီဇင်ဘာ ၇
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၂) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ပိုမိုတိုးတက်မှုရှိစေရေး၊ ဗဟိုအဖွဲ့၏ လမ်းညွှန်ချက်များကို လိုက်နာအကောင်အထည်ဖော်ရေးနှင့်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အထူးစီးပွားရေးဇုန်ဥပဒေပါ ပြဌာန်းချက်များနှင့် အညီဆောင်ရွက်ရေး၊ အထူးစီးပွားရေးဇုန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီများမှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အထူးစီးပွားရေးဇုန်များ၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိကြီး များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)