Skip to main content

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ အစည်းအဝေးများကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၇

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက်ပိုင်းက    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းကော်မတီ၏ အဓိကတာဝန်မှာ သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်ရာတွင် အထောက်အကူ ပြုနိုင်ရန်နှင့်ဘဏ္ဍာရန်ပုံငွေကို စီမံခန့်ခွဲရာတွင် အမျိုးသားကော်မတီ၏ မူဝါဒ၊ လမ်းညွှန်ချက်၊ သက်ဆိုင်ရာဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုက်ညီစေရေး၊ စနစ်တကျရှိစေရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက တင်ပြတောင်းခံလာသည့် သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ရန်ပုံငွေများအပြင် ကိုဗစ်-၁၉ ကိစ္စရပ်များတွင်သုံးစွဲရန်အတွက် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ရန်ပုံငွေများကို ခွင့်ပြုချက်ဖြင့်ထောက်ပံ့လွှဲပြောင်း ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်နိုင်ရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ကော်မတီဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၂၀၁၃ ခုနှစ်ပါ ပြဌာန်းချက်အရ  ထူထောင်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေသို့ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ နှစ်စဉ် ထည့်သွင်းပေးလျက်ရှိပါကြောင်း၊ ရန်ပုံငွေများကိုသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာနှင့် အလေအလွင့်မရှိစေရေး သုံးစွဲရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ(၁/ ၂၀၂၂) အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်းရာသီနှင့် နွေဦးကာလများတွင် ဖြစ်ပွား လေ့ရှိသော ဘေးများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်သောလုပ်ငန်းများ၏ ဆောင်ရွက် ပြီးစီးမှုနှင့် ကျန်ရှိသောလုပ်ငန်းများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌထံ တင်ပြနိုင်ရေး အတွက် ကျိုးကြောင်းဖော်ပြချက်နှင့်အတူ ရှင်းလင်းတင်ပြပေးကြရန်နှင့် ပြည်သူများပါဝင်သော ဇာတ်တိုက်လေ့ကျင့်မှုများ၊ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကို အမျိုးသားကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပေါင်းစပ်ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ လုပ်ငန်းကော်မတီဝင်များ အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများအား လျင်မြန်ထိရောက်စွာ ကူညီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။

ယင်းနောက် လုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီနှင့်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)