နေပြည်တော် ဇန်နဝါရီ ၉
အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် အတည်ပြုခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့အစည်းအဝေးသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြဆောင်ရွက် ရမည့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်နှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းခြင်းဖြစ်ကြောင်း၊ အမျိုးသား ကော်မတီသည် လုပ်ငန်းကော်မတီ(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု အားလုံး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေကြရသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်သည် သဘာဝကြောင့် ဖြစ်ပေါ်လာသလို၊ လူများ၏ပြုမှုဆောင်ရွက်ချက်များ၊ တီထွင်မှုများနှင့် ဆက်စပ်လုပ်ငန်းများကြောင့်လည်း သဘာဝဘေးဒဏ်များ ကိုခံစားရပါကြောင်း။
မြေထုညစ်ညမ်းမှုဒဏ်၊ လေထုညစ်ညမ်းမှုဒဏ်နှင့် ရေထုညစ်ညမ်းမှုဒဏ်များကို သက်ရှိသက်မဲ့များ အားလုံးက ခံစားနေရကြောင်း၊ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန် ဆောင်ရွက်ရေးစီမံချက်ကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရေးဆွဲထားပါကြောင်း၊ အဆိုပါ စီမံချက်ကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးသို့တင်ပြပြီး ဆုံးဖြတ်ချက်ရယူ နိုင်ရန်ဖြစ်ကြောင်း၊ ယခုစီမံချက်ကို လေ့လာကြည့်ပါက ဆီယိုဖိတ်မှုသည် ရေထုညစ်ညမ်းမှုအတွက် အဓိကဖြစ်သည်ကို သိရှိရပါကြောင်း၊ မြစ်ကြောင်းတစ်လျောက် ဆီတင်၊ ဆီချ လုပ်ငန်းများကြောင့်လည်း ဖြစ်ပေါ်စေကြောင်းနှင့် ရေကြောင်းမတော်တဆမှုများကြောင့်လည်း ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက် ရှိသည်ကို သိရှိရကြောင်း၊ ထိုကိစ္စများကြောင့် ဆိုးကျိုးများဖြစ်ပေါ်လာကာ ကမ်းရိုးတန်းတွင်ရှိကြသည့် ငှက်များ၊ ရေနေသတ္တဝါ များ၊ သဘာဝကမ်းခြေများ၊ ကမ်းရိုးတန်းတစ်လျောက်ရှိ အဆောက်အအုံများ၊ ဒီရေတောများ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း၊ ခရီးသွားလာရေးလုပ်ငန်းနှင့် ငါးလုပ်ငန်းများကိုလည်း ခြိမ်းခြောက်မှုရှိလာပါကြောင်း။
ထို့ကြောင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်သည် မဖြစ်မနေ လိုအပ်လာရပါကြောင်း၊ စီမံချက်ကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းကာ လုပ်ငန်းအထူးအဖွဲ့ (National Task Force) ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရေးဆွဲခဲ့သည်ဟု သိရှိရပါကြောင်း၊ စီမံချက်တွင် မဟာဗျူဟာစီမံချက်နှင့် ဖြစ်စဉ်တုံ့ပြန် ဆောင်ရွက်ရေး စီမံချက်ဟူ၍ အပိုင်း(၂)ပိုင်းရှိပါကြောင်း၊ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင် ရွက်ရေးစီမံချက်ကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လုပ်ငန်းကော်မတီ(၁၂)ခုအနက်မှ ဆက်စပ်လုပ်ငန်းကော်မတီများ ဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီများသို့ သဘောထားအကြံပြုချက်များ ပေးပို့တောင်းခံပြီးဖြစ်ရာ ပြင်ဆင်ရရှိလာ သောအချက်များ အပေါ် အခြားသောလုပ်ငန်းကော်မတီများ၏ အကြံပြုချက်များနှင့်အညီ ရေးဆွဲပြီးဖြစ်သည့် စီမံချက်(မူကြမ်း)ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီသို့တင်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ ယခုစီမံချက်ကို မိမိတို့ဝန်ကြီးဌာနက လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ နှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ညှိနှိုင်းရေးဆွဲထားပါကြောင်း၊ စီမံချက်ထဲတွင် ရေထုညစ်ညမ်းမှု အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအတွက် အဓိကထားရေးဆွဲထားကြောင်း၊ စီမံချက်အမည်နှင့် လုပ်ငန်းကော်မတီ အသစ်ထပ်မံ ဖွဲ့စည်းရန် လိုအပ်မှုအခြေအနေနှင့် ပတ်သက်၍လည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရခြင်းအကြောင်းနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် စီမံချက်အပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့၏ ဆွေးနွေးအကြံပြုချက်များကို တက်ရောက်လာကြသော လုပ်ငန်းကော်မတီ(၁၂)ခုမှ တာဝန်ရှိသူများက ဆွေးနွေး ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး အကြံပြုကြသည်။
ယင်းနောက် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ကို အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အဖြစ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှု ခံယူနိုင်ရေး ဆုံးဖြတ်ချက် ရယူခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)