Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံမှ မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီးဖြစ်သည့် မြို့များဖြစ်စေရန်၊ မြန်မာနိုင်ငံရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများအဖြစ် အသုံးပြုနိုင်ရန်နှင့် ကီလိုမီတာ ၄၂၀၀၀ ကျော်ရှိ လမ်းများကို ASEAN Class III (၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်း)အဆင့် အနည်းဆုံး ရောက်ရှိရန်၊ တံတားအားလုံး ၂၄ ပေအကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ်တံတား/ PC ကြိုတင်အားဖြည့် ကွန်ကရစ်တံတား/ သံပေါင်တံတားအဆင့် အနည်းဆုံးရောက်ရှိရန်တို့ကို ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားကာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမည့် လမ်း၊ တံတားနှင့် မြို့ပြဆိုင်ရာ ရည်မှန်းချက်များ ဖြစ်သည်။

ထိုသို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ လမ်း၊ တံတားနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရာတွင် စတုတ္ထ(၁)နှစ်တာ ကာလအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း တို့ကို တွေ့ဆုံမေးမြန်းခဲ့သည် -

ဦးဟန်ဇော်

(ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

မေး။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ချမှတ်ထားတဲ့ မူဝါဒ၊ ရည်မှန်းချက်နဲ့ တာဝန်ဝတ္တရား တွေ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ပြောပြပေးစေလိုပါတယ်။

ဖြေ။ ။ ပြည်သူတစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေဖို့ အတွက် လမ်းတွေ၊ တံတားတွေနဲ့ လူနေထိုင်ဖို့ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့၊ တိုင်းဒေသကြီး /ပြည်နယ်တွေအလိုက် လမ်း၊ တံတားနဲ့ မြို့ပြဒေသတွေ အချိုးညီ ဖွံ့ဖြိုး တိုးတက်လာစေဖို့၊ မြန်မာနိုင်ငံရဲ့ GDP တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကို အနည်းဆုံး လျှော့ချနိုင်ဖို့၊ သွားလာမယ့် အချိန်အတိုဆုံး ဆောင်ရွက်နိုင်ရေးအတွက် လမ်း၊ တံတားတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်းနဲ့ အတားအဆီးတွေ ဖယ်ရှားဖို့၊ နိုင်ငံသားတွေ အားလုံး လူနေမှုဘဝမြှင့်တင်စေမယ့် သင့်လျော် ကောင်းမွန်တဲ့ အိမ်ရာတွေမှာ နေထိုင်နိုင်ဖို့၊ ကျေးလက်လမ်း၊ တံတားတွေ ဖွံ့ဖြိုးတိုးတက် ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးဖို့နဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေဖို့တို့ ဖြစ်ပါတယ်။

မေး။ ။ ရည်မှန်းချက်နဲ့ တာဝန်တွေကို ပြောပြပေးပါ။

ဖြေ။ ။ ရည်မှန်းချက်နဲ့ တာဝန်ဝတ္တရားတွေက ၂၀၃၀ ပြည့်နှစ်မှာ လက်ရှိ ကီလို မီတာ ၄၂၀၀၀ ကျော်ရှိ လမ်းတွေကို ASEAN Class III (၁၈ ပေအကျယ် ကတ္တရာလမ်း/ ကွန်ကရစ်လမ်း)အဆင့် အနည်းဆုံး ရောက်ရှိဖို့၊ ၂၀၃၀ ပြည့်နှစ်မှာ တံတားတွေအားလုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ် တံတား/PC ကြိုတင်အားဖြည့် ကွန်ကရစ် တံတား/သံပေါင်တံတားအဆင့် အနည်းဆုံး ရောက်ရှိဖို့ ဖြစ်ပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသော မြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက် ပြီးဖြစ်တဲ့ မြို့တွေဖြစ်ဖို့နဲ့ ဒီမြို့တွေမှာ အစိုးရပိုင်း နဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ တွေက တည်ဆောက် မယ့် အိမ်ခန်းပေါင်းတစ်သန်း တည်ဆောက် ပြီးစီးဖို့၊ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရှိ ကျေးရွာတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ နိုင်ငံတွင်းက ကျေးလက်လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်တဲ့ ကျေးလက်လမ်းတွေအဖြစ် အသုံးပြုနိုင်ဖို့ အတွက် နှစ်စဉ်အဆင့်မြှင့်တင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

အလားတူ ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံ အတွင်းက ကျေးလက်လမ်း စုစုပေါင်းမိုင် ၅၅၀၀၀ ကျော်ရှိတဲ့အနက် Class A အဆင့်ရှိ လမ်းမိုင် ၂၅၆၀၀ ကျော်ကို ၁၂ ပေအကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း၊ Class B အဆင့်ရှိ လမ်းမိုင် ၁၇၀၀၀ ကျော်ကို ၁၂ ပေ အကျယ် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ် လမ်း သို့မဟုတ် ကျောက်လမ်း၊ Class C အဆင့် ရှိ လမ်းမိုင် ၁၂၄၀၀ ကျော်ကို ၁၂ ပေအကျယ် ကျောက်လမ်း သို့မဟုတ် အမာခံလမ်းအဖြစ် ဆောင်ရွက်သွားဖို့ ပါဝင်ပါတယ်။

မေး။ ။ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ဘယ်လိုထားရှိပြီး လုပ်ငန်း ဆောင်ရွက်တယ်ဆိုတာလည်း ရှင်းပြပေးပါ။

ဖြေ။ ။ နိုင်ငံတော်ရန်ပုံငွေ (Government Budget) နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ၊ လုပ်ငန်းတွေအနက် ဖြစ်နိုင်ခြေ ရှိတဲ့ လုပ်ငန်းတချို့ကို Public Private Partnership(PPP) စနစ်နဲ့ ပုဂ္ဂလိကလုပ်ငန်း ရှင်တွေနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်တာ၊ နိုင်ငံတကာအကူအညီ Development Partner တွေဖြစ်တဲ့ JICA ၊ ADB ၊ WB ၊ KOICA နဲ့ TICA စတဲ့ အဖွဲ့အစည်း တွေနဲ့ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့ငွေ (Grant)/ ချေးငွေ (Loan) တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မေး။ ။ ဥပဒေစည်းမျဉ်းတွေ ရေးဆွဲ ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေ တွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေ (Myanmar National Building Code–MNBC) ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး UN - Habitat နဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်း ဆောင်ရွက်သလို ဆက်နွှယ်ဝန်ကြီးဌာနတွေနဲ့ အစိုးရအဖွဲ့အစည်း တွေရဲ့ ပံ့ပိုးကူညီမှုနဲ့ ၂၀၁၆ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ ပြုစုနိုင်ခဲ့ပြီး ရုံးသုံးစာ(မြန်မာစာ)အဖြစ် ဘာသာပြန်ဆိုခြင်း ကို ၂၀၂၀ ပြည့်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါတယ်။

အဆောက်အအုံ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Building Constru-ction Industry Development Law) (BCID Law)(မူကြမ်း)ကို ၂၀၁၈ ခုနှစ်မှာ စတင် ရေးသားပြုစုခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တွေကို သဘောထားမှတ်ချက် တောင်းခံ ဆောင်ရွက်ခဲ့ရာမှာ အပြီးသတ်မှတ်ချက်ကို ရရှိထားပြီးဖြစ်ပါတယ်။

ဥပဒေပိုင်းအနေနဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်မှာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေနဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက် မှာ ထပ်မံပြင်ဆင်တဲ့ နည်းဥပဒေတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)နဲ့ အမျိုးသားအဆင့် မြို့ပြစီမံကိန်း ဥပဒေ(မူကြမ်း)တွေကို အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။

အဓိက စီမံကိန်းကြီးတွေဖြစ်တဲ့ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ New Mandalay Resort City စီမံကိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်မှာ Eco Green City စီမံကိန်းနဲ့ Korea-Myanmar Industrial Complex (KMIC) စီမံကိန်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံဆိပ်ကမ်းမြို့နယ်မှာ Smart District နဲ့ ဧရာဝဏ်နှင့် ရတနာ တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)မြို့နယ်မှာ Yangon Amata Smart and Eco City စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ နောက်ပိုင်းမှာလုပ်ငန်းတွေကို ကိုယ်တိုင်မဆောင်ရွက်တော့ဘဲ (Regulatory Body) ထိန်းသိမ်းကွပ်ကဲသောအဖွဲ့ ဖွဲ့စည်းပြီး လိုအပ် တဲ့ စည်းမျဉ်း/စည်းကမ်းတွေနဲ့အညီ နည်းပညာပိုင်းနဲ့ အရည်အသွေးပိုင်းတွေ မှန်ကန်ပြည့်မီဖို့ ကြပ်မတ်ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပြီး အဂတိ ကင်းရှင်းစွာနဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေက တာဝန်ယူဆောင်ရွက်သွားဖို့ စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ အစိုးရရဲ့ စတုတ္ထ (၁)နှစ်တာကာလ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုတွေကို ဒုတိယ ဝန်ကြီးက ဆက်လက်ပြောကြားသွားမှာ ဖြစ်ပါတယ်။

ဒေါက်တာကျော်လင်း

(ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

မေး။ ။ ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ စတုတ္ထ (၁)နှစ်တာအတွင်း ဆောင်ရွက် ခဲ့တဲ့လုပ်ငန်းတွေနဲ့ ဆောင်ရွက်ဆဲလုပ်ငန်း တွေကို အရင်ဆုံးသိပါရစေရှင့်။

ဖြေ။ ။ ပထမဦးစွာ ကျွန်တော်တို့ ဝန်ကြီးဌာနက အဆောက်အဦ ဦးစီးဌာနရဲ့ လုပ်ငန်းတွေကို ပြောပြချင်ပါတယ်။ အဆောက်အဦ ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေက မြန်မာ တစ်နိုင်ငံလုံးမှာ ဆောင်ရွက်နေတဲ့ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အားလုံး စံချိန်စံညွှန်း ပြည့်မီရေး၊ အရည်အသွေးကောင်းမွန်ရေးနဲ့ အချိန်မီပြီးစီးရေးတို့နဲ့ပတ်သက်ပြီး လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ အဆောက်အဦ ဦးစီးဌာနရဲ့ လုပ်ငန်းတာဝန်တွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အဆောက်အဦဦးစီးဌာနအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ စံချိန်စံညွှန်းတွေ တစ်ပြေးညီဖြစ်ဖို့၊ လက်ရာလက်သားတွေနဲ့ အရည်အသွေးတွေ ကောင်းမွန်ဖို့အတွက် အဆောက်အအုံ ဆောက်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ (Building Construction Industry Develop-ment Law) (BCID-Law) ကို ရေးဆွဲတင်ပြထား ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပြီးရင် BCID-Law ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ လွှမ်းခြုံပြီး စံချိန်စံညွှန်းတွေကို တစ်ပြေးညီ ထုတ်ပြန်သွားဖို့ ရှိပါတယ်။

ဒီနေရာမှာ BCID-Law ကို အတည်ပြုပြီး တဲ့အချိန်မှာ လက်ကိုင်ပြုရမယ့် မြန်မာနိုင်ငံ အဆောက်အအုံ ဆိုင်ရာ စည်းမျဉ်းတွေ Myanmar National Building Code (MNBC) ကို UN-Habitat အကူအညီနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းရေးဆွဲတာ အင်္ဂလိပ်ဘာသာနဲ့ ပြုစုတာပြီးနေပါပြီ။ မြန်မာဘာသာပြန်နေတာလည်း ၉၅ ရာခိုင်နှုန်းလောက် ပြီးနေပြီဖြစ်တဲ့ အတွက် မကြာခင်မှာ ကျွန်တော်တို့ တစ်နိုင်ငံ လုံးကို ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် ကျွန်တော်တို့ BCID-Law ထွက်လာ ပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လက်ကိုင် ထားရမယ့် ဆောက်လုပ်ရေး၊ မီးသတ်၊ ဘေးကင်းလုံခြုံရေးတွေနဲ့ ပတ်သက်တဲ့ Manual တွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကိုရီးယားနိုင်ငံ KOICA ရဲ့ အကူအညီနဲ့ ရေးဆွဲ ပြီး ဖြစ်ပါတယ်။ BCID-Law ထွက်လာပြီးရင် ညွှန်ကြားချက်တွေထုတ်ပြန်ဖို့ အတွဲလိုက်ပြုစုထားပြီး ဖြစ်ပါတယ်။

မေး။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ISO ဓာတ်ခွဲခန်းက ဘယ်လိုအပိုင်းကို စစ်ဆေးပေးတယ် ဆိုတာလည်း သိပါရစေရှင့်။

ဖြေ။ ။ အဆောက်အဦဦးစီးဌာနမှာ ဓာတ်ခွဲခန်းရှိပါတယ်။ ဒီဓာတ်ခွဲခန်းမှာ အဆောက်အဦ အရည်အသွေးစစ်ဆေးခြင်း တွေကို ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် ဓာတ်ခွဲခန်းကလည်း ISO/ IEC 17025 : 2017 ရရှိပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ISO က 9001 Quality Management System နဲ့ ပတ်သက်ပြီး ရတာများပါတယ်။ အခု အဆောက်အဦ အရည်အသွေး စစ်ဆေးတာနဲ့ ပတ်သက်ပြီး ISO/ IEC 17025:2017 က ပထမဦးဆုံးရတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ရေရှည်မှာ အဆောက်အဦတွေအရည်အသွေး တစ်ပြေးညီဖြစ်ဖို့၊ အရည်အသွေးကောင်းမွန်ဖို့နဲ့ အချိန်မီပြီးစီးဖို့ လမ်းညွှန်ချက်တွေကို ဆက်လက်ထုတ်ပြန်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ လမ်းဦးစီးဌာနနဲ့ တံတားဦးစီးဌာနရဲ့ စတုတ္ထ (၁) နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တာတွေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ စတုတ္ထ (၁)နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ လမ်းလုပ်ငန်းတွေနဲ့ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ ဆောင်ရွက်ခဲ့တဲ့ လမ်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြောတဲ့အခါ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ပြောချင်ပါတယ်။

ပထမဦးဆုံး ကချင်ပြည်နယ်မှာ လမ်းမိုင် ပေါင်း ၂၀၀၀ ကျော်ရှိပါတယ်။ ဒီ ၂၀၀၀ ကျော် အနက် ကတ္တရာလမ်း/ကွန်ကရစ်လမ်း မဟုတ်တာက ၂၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကျန်တဲ့ ၇၄ ရာခိုင်နှုန်းက ကတ္တရာလမ်း/ ကွန်ကရစ်လမ်းနဲ့ ရာသီမရွေးသွားလာလို့ရတဲ့ လမ်းတွေဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအိုလမ်းဆိုရင် မိုင်ပေါင်း ၂၂၀ ရှိပါတယ်။ အရင်တုန်းက ကမ္ဘာကျော် ဗွက်တန်းလမ်းဆိုပြီး သုံးညအိပ်၊ လေးညအိပ် သွားခဲ့ရတဲ့ ခရီးလမ်းတွေ ဖြစ်ပါတယ်။ မိုးရာသီ ဆိုရင် လမ်းပြတ်တောက်သွားပါတယ်။ ဒီလို ဆိုးရွားတဲ့ အခြေအနေက သုံးနှစ်တာကာလ အတွင်းမှာ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ပြီးစီးလို့ လာမယ့်မေလမှာ ဆောင်ရွက်ပြီးစီးမှု အထိမ်းအမှတ်ဖွင့်ပွဲကို ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိပါတယ်။ အခုလို လမ်းကောင်းမွန်သွားပြီဖြစ်တဲ့အတွက် မြစ်ကြီးနားကနေ မနက် ၆ နာရီသွားရင် ပူတာအိုကို ညနေ ၆ နာရီဆို ရောက်ပါတယ်။ နေ့ချင်းရောက်သွားလာနိုင်နေပါပြီ။ ပူတာအို ကနေ အထက်ဆက်သွားရင် ခါကာဘိုရာဇီ တောင်ခြေမှာ ပန်နန်းဒင်မြို့၊ ဒီကနေဆက်သွား ရင် နောင်မွန်မြို့ ဒီမြို့တွေကို အရင်က လေးည အိပ်လောက် သွားရပါတယ်။ ခြေကျင်ခရီးပဲရှိတဲ့ နေရာတွေဖြစ်ပါတယ်။ အခုဆိုရင် ကားလမ်း ပေါက်သွားပြီး ဒီလမ်းပေါ်က တံတားတွေ တည်ဆောက်ပြီး ဖြစ်တဲ့အတွက် အခုဆိုရင် ပူတာအိုကနေ ပန်နန်းဒင်နဲ့ နောင်မွန်မြို့တွေကို နေ့ချင်းပြန်သွားလို့ ရပါပြီ။

မြစ်ကြီးနား-ဗန်းမော်လမ်းဆိုရင် အရင်က လမ်း၊ တံတားတွေမကောင်းတော့ တစ်နေ့ ကုန်သွားရတဲ့ ခရီးလမ်းတွေ ဖြစ်ပါတယ်။ အခုဆိုရင် မြစ်ကြီးနားကနေ ဗန်းမော်ကို နှစ်နာရီနဲ့သွားနိုင်ဖို့ ရည်ရွယ်ပြီး ကတ္တရာလမ်း/ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတစ်ခုလုံးကို ၁၈ ပေအကျယ် ကတ္တရာလမ်းခင်းပြီး ဒီလမ်းပိုင်းပေါ်က တံတားတွေကို ကွန်ကရစ်တံတားတွေအဖြစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ စုစုပေါင်း လမ်းမိုင် ၅၀၀ ကျော်ရှိတဲ့အနက် လမ်းရဲ့ ၈၀ ရာခိုင်နှုန်း အထိကို ကတ္တရာလမ်း/ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန် ၂၀ ရာခိုင်နှုန်း ကို ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ဖို့ ကျန်ပါတယ်။ ရာသီမရွေး လမ်း အဖြစ်က ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကယားပြည်နယ်က ကန္တာရဝတီ တံတားဖွင့်ပွဲကို စတုတ္ထ(၁)နှစ်တာကာလ အတွင်းမှာ ကျင်းပခဲ့ပါတယ်။ ကယားပြည်နယ်မှာ သုံးနှစ်တာကာလအတွင်း လိုအပ်နေတဲ့ လမ်း၊ တံတားတွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်မှာရှိတဲ့ လမ်းမိုင်ပေါင်း ၈၀၀ ကျော်အနက် ၂၀ ရာခိုင်နှုန်းကို ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ဖို့ ကျန်ပါတယ်။ လမ်းရဲ့ ၈၀ ရာခိုင်နှုန်းအထိကို ကတ္တရာလမ်း/ ကွန်ကရစ်လမ်းနဲ့ ရာသီမရွေး သွားလာလို့ရတဲ့ လမ်းတွေအဖြစ် အဆင့် မြှင့်တင်ပြီး ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ထူးခြားတာက ထိုင်းနိုင်ငံနဲ့ အဓိကကုန်သွယ် တဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့အတွက် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး တိုးတက်မှုဟာ မြန်မာ နိုင်ငံရဲ့ကုန်သွယ်စီးပွားတိုးတက်ဖို့နဲ့ ဆက်နွှယ် နေပါတယ်။ ဒါကြောင့် ကရင်ပြည်နယ် မြဝတီ မြို့မှာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီတံတားနဲ့ ဆက်စပ်နေတဲ့ အိန္ဒု- ကော့ကရိတ် လမ်းပိုင်းရှိပါတယ်။ အိန္ဒု- ကော့ကရိတ်လမ်းပိုင်းကို အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)ရဲ့ ချေးငွေဒေါ်လာသန်း ၁၂၀ နဲ့ အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်။ လာမယ့်ပွင့်လင်းရာသီမှာ ပြီးစီးအောင် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ဒီလမ်းပိုင်း ပြီးသွားရင် ဘားအံကနေ မြဝတီအထိ လမ်းပန်းဆက်သွယ်ရေးဟာ တိုးတက်ဖွံ့ဖြိုး လာတော့မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီလမ်းပေါ်မှာ ကော့ကရိတ်တံတား ရှိပါတယ်။ ဒီကော့ကရိတ် တံတားကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) အကူအညီနဲ့ အရင်ကြိုးတံတားအဖြစ်ကနေ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။

ချင်းပြည်နယ်မှာ လမ်းမိုင်ပေါင်း ၁၃၀၀ ကျော်ရှိတဲ့အနက် ကတ္တရာလမ်း/ကွန်ကရစ်လမ်း မဟုတ်တာ ၁၆ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ လေးနှစ်တာကာလအတွင်း ၈၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ချင်းပြည်နယ်နဲ့ပတ်သက်ပြီး အစိုးရ တက်လာကတည်းက ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ဖို့ အလေးပေးမှာကြားထားတာ ရှိပါတယ်။ ဒါကြောင့် ဒီပြည်နယ် နှစ်ခုရဲ့ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေး(၁)အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ချင်းပြည်နယ်ရဲ့ မြောက်ဘက်အစွန် ကျီခါးနဲ့ တွန်းဇံမြို့ကို သွားမယ်ဆိုရင် လမ်းမှာ နှစ်ညအိပ်၊ သုံးညအိပ် သွားရပါတယ်။ တောင်ဘက်အစွန်ဖြစ်တဲ့ ပလက်ဝမြို့ကို သွားမယ်ဆိုရင် အချိန် တော်တော်ယူရပါတယ်။ ဒီလိုအခြေအနေကနေ အခုလေးနှစ်တာကာလအတွင်းမှာ မြောက်ဘက် အစွန်ဆုံး ကျီခါးကနေ တောင်ဘက်အစွန်ဆုံး တွန်းဇံမြို့အထိ ကားလမ်းပေါက်အောင် ဖောက်လုပ်နိုင်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ လေယာဉ်ကွင်း တည်ဆောက်နေတဲ့ ဖလမ်းမြို့ကို ဗဟိုပြုပြီး ဖလမ်း-ဟားခါးလမ်း၊ ဖလမ်း-ရိဒ်၊ ဖလမ်း- တီးတိန်စတဲ့ လမ်းပိုင်းတွေကို ကတ္တရာလမ်း/ ကွန်ကရစ်လမ်းဖြစ်အောင် လေးနှစ်တာကာလ အတွင်း ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အခု ကလေး-ဖလမ်း-ဟားခါးလမ်း ၁၂၄ မိုင်ကို ကမ္ဘာ့ဘဏ်(World Bank)ချေးငွေနဲ့ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ အခုဆိုရင် ဖြစ်နိုင်စွမ်း တိုင်းတာမှုတွေကို ဆောင်ရွက်နေပါပြီ။ မကြာခင် အဆင့်မြှင့်တင် သွားတော့မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ လမ်းမိုင် ၂၈၀၀ ကျော်အနက် ၉၅ ရာခိုင်နှုန်းကို ရာသီ မရွေးလမ်းတွေအဖြစ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးပြောချင်တာက လဟယ်မြို့ကို အရင်က သွားဖို့ခက်ခဲပါတယ်။ အခုဆိုရင် လဟယ်နဲ့ ခန္တီးက သုံးနာရီခွဲနဲ့ ခရီးပေါက်အောင် ကားလမ်းဆောင်ရွက်ပြီးပါပြီ။ လဟယ်ဆိုတာ ဝေးလံတဲ့ဒေသတစ်ခု မဟုတ်ပါဘူး။ ပြီးတော့ လေရှီးကိုသွားတဲ့ ၄၂ မိုင်ခရီးကိုလည်း ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ဖြစ်ပါတယ်။ နန်းယွန်းမြို့ကို အရင်က ကချင်ပြည်နယ်ကနေ သွားရတာဖြစ်ပါတယ်။ အခု လေးနှစ်တာ ကာလအတွင်းမှာ နန်းယွန်းကို ကားလမ်း ဖောက်လုပ်ပြီးသွားပါပြီ။နွေရာသီဆိုရင် လဟယ်နဲ့ နန်းယွန်းက နေ့ချင်းပြန် သွားလို့ ရပါတယ်။ မိုးရာသီမှာ တစ်ဆင့်နားပြီး သွားရတဲ့ အနေအထားပါ။ စစ်ကိုင်းတိုင်း ဒေသကြီးထဲက တခြားနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့အတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ရေဦးမြို့ ဒေသခံတွေ လိုလားနေတဲ့ မူးမြစ်ကူးတံတား (ရေဦး) ကိုလည်း တည်ဆောက်နေပါပြီ။

တနင်္သာရီတိုင်းဒေသကြီးမှာ လမ်းမိုင် ပေါင်း ၁၇၀၉ မိုင်ရှိတဲ့အနက် ကတ္တရာလမ်း/ ကွန်ကရစ်လမ်း မဟုတ်တဲ့ လမ်းက ၁၆ ရာခိုင် နှုန်းပဲ ရှိပါတော့တယ်။ အရင်က ထားဝယ်- ကော့သောင်းကို နှစ်ညအိပ်သွားရပေမယ့် အခုနေ့ချင်းပေါက် ခရီးရောက်နေပါပြီ။ လမ်းရဲ့ တချို့နေရာတွေမှာ AC လမ်းအဆင့်အထိ မြှင့်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန်နေတဲ့ ၁၆ ရာခိုင်နှုန်းက အဓိကလမ်းပိုင်းကနေ ထိုင်းနိုင်ငံ ကို ဆက်သွယ်တဲ့ လမ်းတိုလေးတွေ ကျန်နေခဲ့ တာပါ။ ဒါကိုလည်း ဆက်ပြီး အဆင့်မြှင့်တင် သွားမှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး မှာ ဆောက်လုပ်နေတဲ့ တံတား သုံးစင်းရှိပါ တယ်။ သမုတ်လွတ်လွတ်၊ ပုလုံးတုံးတုံးနဲ့ တနင်္သာရီတံတားတို့ ဖြစ်ပါတယ်။ ဒီတံတား သုံးစင်းလုံးကို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ အပြီးတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွက် လိုအပ်နေတဲ့ တံတား တွေအားလုံး တည်ဆောက်ပြီး ဖြစ်သွားမှာ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီးအနေနဲ့ လမ်းမိုင်ပေါင်း ၁၃၄၂ မိုင်အနက်မှ ၅ ရာခိုင်နှုန်းပဲ ကတ္တရာ လမ်း/ကွန်ကရစ် လမ်းမဟုတ်တဲ့ လမ်းတွေ ဖြစ်ပါတယ်။ ကျန်တာတွေက ကတ္တရာလမ်း/ ကွန်ကရစ်လမ်းတွေ ဖြစ်ပါတယ်။ အမာခံလမ်း တွေအဖြစ် ဖောက်လုပ်ပြီးသားဖြစ်ပါတယ်။ အဓိက ပဲခူးတိုင်းဒေသကြီးမှာ ဆောင်ရွက်နေတာက ပဲခူးအနောက်ခြမ်း ပြည်နဲ့ အရှေ့ခြမ်း တောင်ငူကို ဆက်သွယ်တဲ့ ရိုးမဖြတ်လမ်းကို ဖောက်လုပ်နေပါပြီ။ ရိုးမဖြတ်လမ်း ၇ လမ်း ရှိပါတယ်။ ဒါကြောင့် ရိုးမဖြတ်လမ်းတွေ တိုးတက်ဖို့ အဲဒီလမ်းပေါ်က တံတားတွေ RC ဖြစ်ဖို့လည်း ဆောင်ရွက်နေတာ ရှိပါတယ်။

မကွေးတိုင်းဒေသကြီးမှာ လမ်းမိုင် ၂၀၀၀ ကျော်ရှိတဲ့အနက် ၉၉ ရာခိုင်နှုန်းအထိ ရာသီမရွေးလမ်း၊ ကတ္တရာလမ်းတွေအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပါပြီ။ မြေသားလမ်းအဖြစ် နဲ့က ၁ ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့တာပါ။ ဒါကို ရာသီမရွေးလမ်းအဖြစ် အဆင့်မြှင့်တင် သွားမှာ ဖြစ်ပါတယ်။ ဒီလမ်းနဲ့အတူ လိုအပ် နေတဲ့ မုန်းချောင်းတံတားကိုလည်း RC အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ သရက်-အောင်လံ ဧရာဝတီမြစ်ကူး တံတားကို မကွေးတိုင်းဒေသကြီးမှာ စတင် တည်ဆောက်နေပါပြီ။

မန္တလေးတိုင်းဒေသကြီးမှာ ၃ ရာခိုင်နှုန်း လောက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဖို့ ကျန်နေပါတယ်။ ဒီနှစ်ထဲမှာ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု အချက်အချာကျတဲ့ အတွက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ကိုလည်း အဓိကထား ဆောင်ရွက် နေပါတယ်။ မွန်ပြည်နယ်ကလည်း ထိုင်းနိုင်ငံ နဲ့ ဆက်စပ်နေတဲ့အတွက် ပြည်နယ်လမ်းတွေ ကောင်းမွန်အောင် ဆောင်ရွက်နေသလို ပြည်နယ်တံတားတွေဖြစ်တဲ့ အတ္ထရံတံတားနဲ့ ဇာသပြင်တံတားတွေကို အဆင့်မြှင့်တင် ဆောင်ရွက်နေပါတယ်။

မေး။ ။ နိုင်ငံတော်အကြီးအကဲတွေ မှာကြားထားတဲ့ ဦးစားပေးပြည်နယ်ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတာတွေကို လည်း ပြောပြပေးပါ။

ဖြေ။ ။ ရခိုင်ပြည်နယ်ဆိုရင် ဦးစားပေး ဆောင်ရွက်ဖို့ မှာကြားထားတဲ့ ပြည်နယ်ဖြစ်ပါတယ်။ရခိုင်ပြည်နယ် ဝင်ပေါက် လမ်းမကြီးတွေရှိပါတယ်။ အရင်က ရန်ကုန် ကနေ ငပလီကို ၁၂ နာရီလောက် သွားရပါ တယ်။ အခုလေးနှစ်တာအတွင်းမှာ အဆင့် မြှင့်တင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ၈ နာရီနဲ့ ငပလီကိုရောက်တဲ့ အနေအထားဖြစ်နေပါပြီ။ မင်းဘူးကနေ အမ်းကို အရင်က ၁၈ နာရီလောက် သွားရပေမယ့် အခုဆိုရင် ၁၀ နာရီ လောက်နဲ့ ကားလမ်းကနေ သွားလာနိုင်နေပါပြီ။ ဒီလမ်းပေါ်မှာရှိတဲ့ တံတားတွေ အားလုံး ကိုလည်း RC အဆင့်မြှင့်တင်လျက်ရှိပါတယ်။ အငူမော်ကနေ မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောအထိ လမ်းအားလုံးကို ကွန်ကရစ် လမ်းအဖြစ် UEHRD အစီအစဉ်နဲ့ အဆင့် မြှင့်တင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ မေယုတောင် ကျော်လမ်း လေးလမ်းကိုလည်း လေးနှစ် အတွင်း လမ်းပေါက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

မေး။ ။ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စတုတ္ထ (၁)နှစ်တာအတွင်း ဆောင်ရွက်ခဲ့တာ တွေကိုလည်း သိချင်ပါတယ်။

ဖြေ။ ။ ကျန်တဲ့ ရှမ်း၊ ရန်ကုန်နဲ့ ဧရာဝတီတို့က လမ်းတံတားတွေ ဖွံ့ဖြိုးတိုးတက် အောင် ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်တံတားကို လာမယ့်ဇွန်လမှာ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ မြောင်းမြတံတား သစ်နဲ့ လပွတ္တာတံတားတို့ကို ဖွင့်လှစ်ပြီးပါပြီ။ ရွှေလောင်းကြိုးတံတားကို RC တံတားအဖြစ် အဆင့်မြှင့်တင်နေပါပြီ။ ဝါးခယ်မတံတားကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပြီး စော်ကဲတံတားနဲ့ ကျွန်းပြသာဒ်တံတားတွေ ဆက်လက်ပြီး ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ဒါက လမ်း၊ တံတား တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်တွေပါ။ လမ်း၊ တံတား နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ကာလ အတွင်းမှာ ထူးထူးခြားခြား တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ။ ။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားတာ ရှိပါတယ်။ ဒီလိုဖြစ်ပွားတာတွေအတွက် လမ်းနဲ့ပတ်သက်ပြီး ပြည်သူတွေကြားမှာ သတင်းဖြစ်ပေါ်ခဲ့တာလည်း ရှိပါတယ်။ ၂၀၁၆ ခုနှစ်အထိ လမ်းအသုံးပြုတဲ့ ယာဉ်အစီးရေ ၃၀၀၀ ကျော်လောက်ရှိပြီး တစ်နှစ်လုံးမှာ ယာဉ်မတော်တဆမှု ၇၀၀ ကျော် ဖြစ်ပွားခဲ့ပါ တယ်။ လူသေဆုံးမှု ၁၇၀ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် တွေအတွင်းမှာ အဆင့်မြှင့်တင်ခဲ့တာ ရှိပါ တယ်။ လမ်းလယ်ကျွန်းတွေကို အမြင့်ကနေ နိမ့်အောင် ဆောင်ရွက်လိုက်တဲ့အတွက် လမ်းလယ်ကျွန်းကို ပွတ်ပြီးဖြစ်တဲ့ ယာဉ်တိမ်း မှောက်မှုတွေ အများကြီးလျော့သွားပါတယ်။

အခု ကတ္တရာလမ်းကနေ AC ခင်းတဲ့ လမ်းတွေ ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ယာဉ်အစီးရေ ၅၀၀၀ လောက် ဖြတ်သန်းသွားလာခဲ့ရာမှာ ယာဉ် မတော်တဆမှု ၅၀၀ ခန့် ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်စီးရေတိုးလာပေမယ့် ယာဉ်တိုက်မှုက ၇၀၀ ကနေ ၅၀၀ ကို လျော့ကျသွားသလို ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုက ၁၀၈ ယောက်အထိ လျော့ကျသွားပါတယ်။ ဆက်လက်ပြီး အမြန်လမ်းအဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဝန်ကြီးဌာနရဲ့ ဦးစီးဌာနတစ်ခုဖြစ်တဲ့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ဆောင်ရွက်မှုက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ လုပ်ငန်းက မြို့ပြစီမံကိန်းတွေ အဓိက ရေးဆွဲတာပါ။ ဒီလိုမြို့ပြစီမံကိန်း ရေးဆွဲတဲ့နေရာမှာ ဒီနှစ်ထဲ မြို့ပေါင်း ၂၁ မြို့ရဲ့ စီမံကိန်းတွေ ရေးဆွဲနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြို့ပြဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ရာတွေအနေနဲ့ စတုတ္ထ(၁)နှစ်တာကာလ အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၁၄၄ ခန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခန်းပေါင်း ၆၇၆ ခန်းကို အကောင်အထည် ဖော်တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ ဝန်ထမ်း အိမ်ရာအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာ ဝန်ထမ်းအခန်းပေါင်း ၂၅၃၈ ခန်း တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမှာ ဝန်ထမ်းအငှားအိမ်ရာ ဆိုပြီး အခန်းပေါင်း ၆၇၆ ခန်းကို တည်ဆောက် ပြီး ဝန်ထမ်းတွေကို နေရာချထားပေးနိုင်ခဲ့ပါ တယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အနေနဲ့ ကိုရီးယားနိုင်ငံ Land and Housing Corporation(LH)နဲ့ ပူးပေါင်းပြီး Korea Myanmar Industrial Complex (KMIC) ဆိုပြီး ဆောင်ရွက်နေတာရှိပါတယ်။

မေး။ ။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ စတုတ္ထ (၁)နှစ်တာကာလ အတွင်း ကျေးလက်လမ်း ဖော်ဆောင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦးရှင်။

ဖြေ။ ။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေနဲ့ ကျေးလက်လမ်းမိုင်ပေါင်း ၅၅၀၀၀ ကျော်ရှိတဲ့အနက် ၂၀၃၀ ပြည့်နှစ်မှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ရာခိုင်နှုန်းကို ရာသီမရွေးလမ်း၊ ကတ္တရာလမ်း/ကွန်ကရစ် လမ်းတွေအဖြစ် ဆောင်ရွက်ဖို့အတွက် Class A – B - C ခွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်က နိုင်ငံတော် သမ္မတကြီးရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ကျေးလက်လမ်းမိုင်ပေါင်း ၆၀၀ ခန့် ဖောက်လုပ် ပေးမယ်လို့ ပြောကြားခဲ့တာရှိပါတယ်။

ဒီလို နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားမှု အပေါ် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကျောက်လမ်း ၄၆၄ မိုင်နဲ့ ဂဝံလမ်း ၁၀၆၈ မိုင် စုစုပေါင်း ၁၅၃၂ မိုင်၊ ပြီးတော့ ကွန်ကရစ်လမ်းမိုင် ၁၀၀၀ ဆောင်ရွက်ပေးမယ်ဆိုတဲ့နေရာမှာ ကွန်ကရစ် လမ်းပေါင်း ၃၅၁ မိုင်၊ ကတ္တရာလမ်း ၃၇၄ မိုင် စုစုပေါင်း ၇၂၅ မိုင်၊ ဒီနှစ်ခုပေါင်း မိုင်ပေါင်း ၁၆၀၀ ဆိုပြီး သမ္မတကြီးက ဆောင်ရွက်ဖို့ ပြောတဲ့အပေါ် ၂၂၅၇ မိုင် ဆောင်ရွက်ပြီးစီးခဲ့ တဲ့အတွက် လျာထားချက်ထက် ၆၅၇ မိုင် ပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ စတုတ္ထ(၁)နှစ်တာ အတွင်းမှာ ကွန်ကရစ်တံတား အစင်း ၅၄၀၊ သစ်သားတံတား ၂၂ စင်း၊ ဘေလီကြိုးတံတား ၁၇ စင်း၊ ရေကျော်ကြိုးတံတားပေါင်း ၈၆ စင်းနဲ့ Box Culvert အစင်း ၁၄၁၀ ကို တည်ဆောက်ခဲ့ပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနမှာရှိတဲ့ ဦးစီးဌာန ၅ ခု အနေနဲ့ သက်ဆိုင် ရာ ကဏ္ဍအလိုက် လမ်း၊ တံတားနဲ့ မြို့ပြအိမ်ရာ တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးပမ်းဆောင် ရွက်နေပါတယ်။ ။

ရှင်မင်း၊ ဓာတ်ပုံ - ကေကေ