နေပြည်တော် နိုဝင်ဘာ ၂၂
မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒသမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ကျင်းပသည်။
အစည်းအဝေးကို လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကဦးဆောင်၍ကျင်းပခဲ့ပြီး လုပ်ငန်းအဖွဲ့၏ဒုတိယဥက္ကဋ္ဌများဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များတက်ရောက်ကြသည်။
အစည်းအဝေးတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြန့်ဝေနိုင်ရေးအစီအစဉ် ဒုတိယအဆင့်ဖြစ်သော ဘဝတည်မြဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ခြင်းဆိုင်ရာလိုအပ်ချက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပြီး မြေပြင်လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပေါင်းစပ်ဆောင်ရွက်နိုင်ရေးအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းရှိ အကူအညီများလိုအပ်လျက်ရှိသည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်