Skip to main content

ကချင်ပြည်နယ် ပူတာအိုဒေသ မဂွေဇ - ခေါင်လန်ဖူးလမ်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပူတာအို နိုဝင်ဘာ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက်က ပူတာအိုမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)သို့သွားရောက်၍ အိပ်ဆောင်များ၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် သုံးထပ်အိပ်ဆောင်တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းကိုက်ညီစေရေးနှင့် လုပ်ငန်းပိတ်သိမ်းချိန်တွင် လုပ်ငန်းခွင်အားစနစ်တကျ ရှင်းလင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ‌နောင်မွန်မြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ ဆေးရုံတက်လူနာများကို တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ ဆေးရုံဝင်းအတွင်းလှည့်လည်ကြည့်ရှု၍ ဆေးရုံအတွက် လိုအပ်ချက်များနှင့် မြို့နယ်အတွက်ဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နောင်မွန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ကာ ရုံးဝင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်မွန်-မဂွေဇ - ခေါင်လန်ဖူးလမ်းတစ်လျှောက် ဖောက်လုပ်ပြီးစီးခဲ့သည့် လမ်းများပြုပြင်ထိန်းသိမ်းလျက်ရှိသည့်အခြေအနေ၊ လက်ရှိဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်လျက်ရှိသည့်‌ ကျောက်လမ်း၊ တံတားများ၊ ကွန်ကရစ်ရေကျော်များ မိုးရာသီကာလ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သည့် လမ်းနှင့်တံတားများအား အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးရေးဆောင်ရွက် သွားရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းတွင် ခေါင်လန်ဖူးမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်လျက်ရှိသည့် တိုးချဲ့မြို့ကွက်သစ်မြေနေရာများ၊ မြို့ပတ်လမ်းဖောက်လုပ်ထားရှိမှု၊ မြို့နယ်ခန်းမပြုပြင်ပြီးစီးမှု၊ မြို့မစျေးအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နိုင်မည့်အခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့မိ၊မြို့ဖများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်