Skip to main content

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ကကြီးမှူး၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၇

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)က ကြီးမှူးကျင်းပသည့် (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာန်တော်၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများက တို့ဗမာသီချင်းကိုစုပေါင်းသီဆို၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်မင်းကျော်သူက အောင်မောင်း ၂၇ ချက်တီးကာ အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌကဖတ်ကြားသည်။

အမှာစကားပြောကြား

ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌက (၁၀၂)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော်များဖြစ်သည့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရတစ်ဦး၊ မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရသုံးဦးနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရသုံးဦးတို့အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌက မင်္ဂလာဆိုင်ရာဘွဲ့တံဆပ်တော်များကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် သိန်း ၅၀ နှင့် အလှူရှင်များမှ လှူဒါန်းသည့်အလှူငွေများကို တာဝန်ရှိသူများကပေးအပ်လှူဒါန်းကြရာ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ဇာတိမာန်သီချင်းစုပေါင်းသီဆို

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ဇာတိမာန်သီချင်းစုပေါင်းသီဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးများ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)နှင့် အလုပ်အမှုဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို) တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်