တောင်ကြီး နိုဝင်ဘာ ၁၇
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အအုံ တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်၌ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာ သင်တန်းစင်တာအဆောက်အအုံကို တာဝန်ယူတည်ဆောက်လျက်ရှိသည့် မိုးယံဝင့်ချီ ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်သည် အေးချမ်းသည့်အတွက် ဤအဆောက်အအုံကို ပထမဦးဆုံး အကောင်အထည်ဖော်တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းစင်တာသည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးအစပြုသည့် အမှတ်အသားတစ်ခုဖြစ်သဖြင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် မှာကြားလိုပါကြောင်း၊ အဆောက်အအုံကို တာဝန်ယူတည်ဆောက်နေသည့် ကုမ္ပဏီအနေဖြင့်လည်း အခက်အခဲများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြဆွေးနွေးနိုင်ပါကြောင်း မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဆောက်အအုံတည်ဆောက်မှုနှင့်ပတ်သက်ပြီး မှန်ရမည်၊ မြန်ရမည်၊ Quality ကောင်းရမည်ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း(၆)နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ ဤအဆောက်အအုံသည် နိုင်ငံတော်၏ ပြယုဒ်တစ်ခုလည်းဖြစ်ပါကြောင်း မှာကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းကိုက ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း အဆောက်အအုံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာစင်တာကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတည်ဆောက်ပြီးစီးပါက ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း၊ မိုဘိုင်းဖုန်းပြုပြင်သင်တန်းစသည်ဖြင့် သက်မွေးပညာကာလတိုသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း တွေ့ဆုံနှီးနှောဖလှယ်နိုင်မည့်အစည်းအဝေးများ၊ တွေ့ဆုံပွဲများနှင့် နေ့ထူးနေ့မြတ်အခမ်းအနားများကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း သိရသည်။
(သတင်းစဉ်)