Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်စပ်လျဉ်းသော အာရှ-ပစိဖိတ် ဒေသတွင်းဆွေးနွေးပွဲသို့တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ ၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ (International Code for the Protection of Tourists) နှင့်စပ်လျဉ်းသည့် အာရှ-ပစိဖိတ် ဒေသတွင်းဆွေးနွေးပွဲသို့ အွန်လိုင်းမှတက်ရောက်သည်။

အဆိုပါဆွေးနွေးပွဲကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို ခရီးသွားလုပ်ငန်းများပြန်လည်စတင်ရာတွင် အထောက်အပံ့ပေးနိုင်ရေး၊ ကိုဗစ်-၁၉ကပ်ရောဂါကဲ့သို့သော အရေးပေါ်အခြေအနေတွင် ခရီးသွားဧည့်သည်များ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် နိုင်ငံတကာစံနှုန်း၊ ဥပဒေမူဘောင်များ ပြန်လည်ချမှတ်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများ၊ ယင်းစံနှုန်းများအပေါ် သုံးသပ်ဆွေးနွေးခြင်းနှင့် နိုင်ငံတကာစံနှုန်းများကို လိုက်နာကျင့်သုံးခြင်း အစရှိသည့်ခေါင်းစဉ်များဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အာရှနှင့် ဥရောပဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာဟေလ်ဂွတ်ဝှမ်း၊ ဥပဒေရေးရာကောင်စီမှ မစ္စအယ်လ်စီယာဂိုမက်စ်၊ ကမ္ဘာလှည့်ခရီးသွားများ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံ တကာစံနှုန်းများကော်မတီမှအဖွဲ့ဝင် ကျွမ်းကျင်ပညာရှင်များနှင့် အကြီးတန်းဥပဒေရေးရာ ကျွမ်းကျင်ပညာရှင် မစ္စအမ်မလီစတီမာတို့က ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ပြည်တွင်း/ပြည်ပ ခရီးသွားများကို ကောင်းမွန်သောဝန်ဆောင်မှုများပေးအပ်ရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် လိုအပ်သောမူဝါဒများ၊ ဥပဒေများနှင့် မူဘောင်များချမှတ်ထားပါကြောင်း၊ ခရီးသွားဧည့်သည်များ စိတ်ချလုံခြုံစွာခရီးသွားနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ခရီးသွားဧည့်သည်များ၏ ယုံကြည်စိတ်ချမှုပြန်လည်ရရှိရန်နှင့် ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ရေးဆွဲလျက်ရှိသော ကမ္ဘာလှည့်ခရီးသွားများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများသည် ခရီးသွားဧည့်သည်များကို ပိုမို၍ အကာအကွယ်ပေးနိုင်မည်ဖြစ်သဖြင့် ခရီးသွားများ၏ယုံကြည်မှုများကို ပိုမိုရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ အဆိုပါနိုင်ငံတကာစံနှုန်းများကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများက ပိုမိုလက်ခံကျင့်သုံးလာကြမည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)