ရန်ကုန် နိုဝင်ဘာလ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒွါဒသမအစည်းအဝေး၊ ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက ဆောင်ရွက်တော်မူသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဥတ္တရကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။
ယင်းနောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီတွင် ရပ်နားသည်။
မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးဒုတိယနေ့၊ ဒုတိယပိုင်းကိုဆက်လက်ကျင်းပခဲ့ပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို သာသနဓဇဓမ္မာစရိယဘဒ္ဒန္တစန္ဒကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို သာသနတက္ကသီလမဟာဓမ္မာစရိယ ဘဒ္ဒန္တနန္ဒပါလကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ စတုတ္ထအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဓဇက အတည်ပြုချက်ရယူပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင်ရပ်နားသည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတ(မဟာသဒ္ဓမ္မဇောတိကဓဇ)ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက စတုတ္တိံသတိမ(၃၄)ကြိမ်မြောက် အရုဏ်ဆွမ်းနှင့်နေ့ဆွမ်းတစ်နေ့တာ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်