Skip to main content

ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၁၁ ခုတို့ ပါဝင်ပြသသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၁၅

ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၁၁ ခုတို့ပါဝင်ပြသသည့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Novotel Hotel ၌ ကျင်းပသည်။

လှည့်လည်ကြည့်ရှု

ယင်းအလုပ်အကိုင်အခွင့်အလမ်းပြပွဲကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင်ပါဝင်ပြသသော ကုမ္ပဏီများနှင့် လုပ်ငန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြားအတွင်းရောက်ရှိသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ပေးရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များဆောင်ရွက်ပေးရေးအတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါအလုပ်သမားအခွင့်အရေးများ ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။

အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်အပိုင်းအခြားသို့ ရောက်ရှိပြီး အလုပ်ရှာဖွေနေသူများကို ၎င်းတို့၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ အလုပ်လုပ်ကိုင်နိုင်စွမ်းတို့အပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုတွင် ခရိုင်နှင့် မြို့နယ်အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး ၈၉ ရုံး ဖွင့်လှစ်၍ စည်းကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်သမားဥပဒေများနှင့်အညီ သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မ ခွဲခြားမှုမရှိဘဲ မြို့ပြ၊ ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးအတွင်း၌ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး ၁၇ ရုံး ဖွင့်လှစ်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေမှုနှင့် ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းပြပွဲကို ပြည်တွင်းကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၊ လုပ်ငန်းရှင်များ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ စုစုပေါင်း ၆၈ ကြိမ်ကျင်းပခဲ့ကာ ယခုပြပွဲတွင် ကုမ္ပဏီ ၁၈ ခုနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၁၁ ခု တို့က ပြခန်းစုစုပေါင်း ၃၈ ခန်းဖြင့် ပါဝင်ပြသကြကြောင်း သိရသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)သို့ သွားရောက်ပြီး ဂဟေဆက်သင်တန်းအမှတ်စဉ်(၃/၂၀၂၂)နှင့် လေအေးပေးစက်တပ်ဆင်/ပြုပြင်ခြင်းသင်တန်းအမှတ်စဉ်(၃/၂၀၂၂) ဖွင့်လှစ်ပို့ချနေမှုများကိုလည်းကောင်း၊ သင်တန်းပို့ချသည့် စာသင်ခန်းများ၊ Workshop များ၊ သင်ထောက်ကူပစ္စည်းများ၊ စက်ပစ္စည်းများနှင့် လက်သုံးပစ္စည်းများ၊ သင်ရိုးညွှန်းတမ်းများနှင့်ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ သင်တန်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မြောက်ဒဂုံ)သို့သွားရောက်ပြီး ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးအတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှုများ၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် ထုတ်ပေးနေမှု၊ EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့်အလုပ်သမားများ စာမေးပွဲမှတ်ပုံတင်ကြေးပေးသွင်းမှုလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်