ရန်ကုန် နိုဝင်ဘာ ၁၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကောင်စီ(၁/၂၀၂၂)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် Seminar Hall ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ မထေရ်မြတ်အမှူးပြုသော နာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် တက္ကသိုလ်ကောင်စီဝင်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး အစီအစဉ်အရ အပြည် ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ကောင်စီနာယကပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက သြဝါဒကထာကို မိန့်ကြားတော်မူသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တက္ကသိုလ်၏ သင်ကြား/စီမံရေးရာ ကိစ္စရပ်များကိုလျှောက်ထားရာတွင် နိုင်ငံတော်အစိုးရသည် စစ်မှန်သော ထေရဝါဒဗုဒ္ဓသာသနာတော် ကမ္ဘာတစ်ဝန်းလုံးတွင်ပြန့်ပွားစေရန်၊ သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်စာပေများကို မူရင်းအတိုင်းသင်ယူခွင့်ရရှိပြီး လိုက်နာကျင့်သုံးနိုင်စေရန်၊ ပရိယတ္တိဆိုင်ရာ ပိဋကတ်စာပေကျွမ်းကျင်နှံ့စပ်၍ ပဋိပတ္တိဆိုင်ရာ အကျင့်သီလပြည့်စုံသော သာသနာပြုပုဂ္ဂိုလ်များတိုးပွားလာစေရန်၊ ထေရဝါဒပိဋကတ်တော်များကို မူရင်းအတိုင်းလေ့လာသင်ယူလိုသည့် ပြည်တွင်း ပြည်ပမှ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးနိုင်ရန် စသည့်ရည်မှန်းချက်များဖြင့် တက္ကသိုလ်ကြီးကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ နှစ်ပေါင်း ၂၄ နှစ်တာကာလအတွင်း ဒီပလိုမာ(ဗုဒ္ဓဓမ္မ) ၁၂၁၁ ပါး/ဦး၊ ဝိဇ္ဇာ (ဗုဒ္ဓဓမ္မ)ဘွဲ့ ၈၀၄ ပါး/ဦး၊ မဟာဝိဇ္ဇာ(ဗုဒ္ဓဓမ္မ)ဘွဲ့ ၂၂၉ ပါး/ဦးနှင့် ပါရဂူ(ဗုဒ္ဓဓမ္မ)ဘွဲ့ ၄၀ ပါး/ဦးတို့အား ဘွဲ့အသီးသီးချီးမြှင့်ပေးအပ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းအတည်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြင်ဆင်အတည်ပြုခဲ့သော ဥပဒေနှင့်အညီ ပါမောက္ခချုပ်ဆရာတော်၊ ဒုတိယပါမောက္ခချုပ် ဆရာတော်များ၏ ဂုဏ်အင်္ဂါအရည်အချင်းများ၊ သက်တမ်းသတ်မှတ်ချက်များအပြင် အခြားလိုအပ်ချက်၊ အားနည်းချက်များကိုလည်း ထပ်မံဖြည့်စွက်၍ အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေနှင့်အညီ တက္ကသိုလ်ကြီး၏ ရည်မှန်းချက်များအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းသွားရမည့်တာဝန်မှာ တက္ကသိုလ်ကောင်စီဝင်များနှင့်သင်ကြားရေးရာ၊ စီမံရေးရာဌာနအသီးသီး၏ လုပ်ငန်းတာဝန်များပင်ဖြစ်ပါကြောင်း လျှောက်ထားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)က(၁/၂၀၂၂)အစည်းအဝေးတွင် တင်ပြရန်ရှိသည့် အမှာစာခြောက်စောင်ကို တင်ပြလျှောက်ထားပြီး အမှာစာများနှင့်စပ်လျဉ်း၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တက္ကသိုလ်ကောင်စီဝင်များက ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ကြကာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးလျှောက်ထားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်ကောင်စီနာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်သြဝါဒကထာ မိန့်ကြားတော်မူကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လာမည့်ပညာသင်နှစ်များ၌ တက္ကသိုလ်တွင် ပြည်ပသင်တန်းသားများအား ထပ်မံတိုးချဲ့လက်ခံနိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီး ဌာနမှလှူဒါန်းသည့် မြေ ၂ ဒသမ ၇၆၂ ဧကပေါ်ရှိ နှစ်ထပ်အဆောက်အအုံနှစ်လုံးအား မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်