နေပြည်တော် နိုဝင်ဘာ ၁၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် သုတေသနလေ့လာရေးခရီးစဉ်နှင့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂)တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးလွင်ဦး၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သိပ္ပံနှင့်အဆင့်မြင့်ပညာဝန်ကြီးဌာနဝန်ကြီး H.E . Valery Falkov အား အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သွားရောက်တွေ့ဆုံသည်။
သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုး
တွေ့ဆုံရာတွင် ပညာတော်သင်စေလွှတ်ရေးကိစ္စ၊ ပညာသင်ဆုအရေအတွက်တိုးမြှင့်ရရှိရေးကိစ္စ၊ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ မြန်မာ-ရုရှား သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် National Research University Moscow Power Engineering Institute (MPEI) သို့သွားရောက်၍ ပါမောက္ခချုပ် Alexander Bryuk-hoveskovoe ဦးဆောင်သော တက္ကသိုလ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပညာတော်သင်ကိစ္စရပ်များကို ပိုမိုအကျိုးရှိထိရောက်စေရေးအတွက် ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။
သုတေသနလုပ်ငန်းများ ကြည့်ရှု
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် National Research Nuclear University (MEPhI) ပါမောက္ခချုပ် Vladimir Schevchenko ဦးဆောင်သော တက္ကသိုလ်မှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တက္ကသိုလ်၏ သင်ကြားသင်ယူမှု၊ လက်တွေ့ခန်းများ၊ သုတေသနလုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်