Skip to main content

ဆီးချိုရောဂါပညာပေး ကုသမှုဌာနများကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိ

နေပြည်တော် နိုဝင်ဘာ ၁၅

၂၀၂၂ ခုနှစ် “ကမ္ဘာ့ဆီးချိုသွေးချို ရောဂါကာကွယ်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) သင်ကြားရေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆီးချိုသွေးချိုရောဂါ ကုသရေးတွင်အသုံးပြုသည့် အင်ဆူလင်ထိုးဆေးကို ရှာဖွေတွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် Sir Frederick Banting ၏ မွေးနေ့ဖြစ်သည့် နိုဝင်ဘာ ၁၄ ရက်ကို “ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့”အဖြစ် သတ်မှတ်ကာ ၂၀၀၆ ခုနှစ်မှစတင်၍ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်နှစ်တိုင်း အထိမ်းအမှတ်နေ့များကို ကျင်းပ ခြင်းဖြစ်ကြောင်း။

ယခု ၂၀၂၂ ခုနှစ်အတွက် အထိမ်းအမှတ်ဆောင်ပုဒ်မှာ ‘Ed-ucation to Protect Tomorrow’ ဖြစ်ပြီး မြန်မာဘာသာဖြင့် “အနာဂတ်တွေ လှပဖို့၊ အသိပညာမြှင့်တင်လို့ ဆီးချိုရောဂါကာကွယ်စို့”ဖြစ်ပြီး အရည်အသွေးပြည့်ဝသော ဆီးချိုပညာပေးလုပ်ငန်းများကို ကျန်းမာရေးပညာရှင်များအနေဖြင့် ဆီးချိုဝေဒနာရှင်များအကြား ကျယ်ပြန့်အောင်မြင်အောင်ဆောင်ရွက်စေရေးအတွက် တိုက်တွန်းလိုခြင်း ဖြစ်ကြောင်း။

အပြည်ပြည်ဆိုင်ရာ ဆီးချိုအဖွဲ့ချုပ်၏ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဖြစ်ပွားနေသူ ၅၃၇ သန်းရှိ၍ လူ ၁၀ဦးတွင် တစ်ဦးက ဆီးချိုရောဂါဖြစ်ပွားနေပြီး ဆီးချိုသွေးချိုဖြစ်ပွားနေသူ လူဦးရေတစ်ဝက်ခန့်သည် မိမိတွင်ဆီးချိုရောဂါရှိနေသည်ကို မသိရှိကြကြောင်း၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားသေဆုံးမှုသည် နှစ်စဉ်မြင့်မားလာလျက်ရှိပြီး ရောဂါကြောင့်သေဆုံးမှုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ပို၍များနေသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းဇယားများအရ သိရှိရကြောင်း။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ဆောင်ရွက်ခဲ့သော စစ်တမ်းအရ ကနဦးဆီးချိုအဆင့်ရှိသူမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်းရှိနေပြီး ထိုသူ များအနေဖြင့် ဆက်လက်၍ ဆီးချို ရောဂါဝေဒနာရှင်အဖြစ် ရောက်ရှိလာခြင်းနှင့် နောက်ဆက်တွဲရောဂါများ ဖြစ်နိုင်ခြေအလွန်များကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆီးချိုရောဂါ ပညာပေးကုသမှုဌာန (Center of Excellence for Diabetes)များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ ဆေးရုံကြီးလေးခုနှင့် မကွေးပြည်သူ့ဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားရှိပြီး ယင်းတို့အပြင် ကျေးလက်ကျန်းမာရေးဌာန၊ ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများတွင် ဆီးချိုသွေးချိုနှင့်သွေးတိုးရောဂါ စစ်ဆေးကုသမှုဆေးခန်းများဖွင့်လှစ်ပြီး အခြေခံကျန်းမာရေးဝန်ထမ်းများက ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါများ အခမဲ့စစ်ဆေးကုသပေးခြင်း၊ လိုအပ်လျှင်လွှဲပြောင်းပေးခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်စားသောက်ရမည့်နည်းလမ်းများနှင့် လေ့ကျင့်ခန်းများကို သင်ကြားပြသခြင်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

ပြည်သူလူထုကလည်း ဆီးချို၊ သွေးချိုရောဂါအကြောင်း သိကောင်းစရာများကို ကိုယ်တိုင်လိုက်နာကျင့်သုံးရုံသာမက မိသားစု၊ ပတ်ဝန်းကျင်နှင့် ပြည်သူလူထုတစ်ရပ်လုံးပျံ့နှံ့အောင် ဆက်လက်အသိပညာဖြန့်ဝေပေးခြင်း၊ ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းဖြင့် ဆီးချို၊ သွေးချိုအန္တရာယ်မှ ကာကွယ်ကြရန် ပြောကြားသည်။

ဆက်လက်၍ ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ စီမံချက်မန်နေဂျာ ပါမောက္ခ ဒေါက်တာကိုကိုက ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) ဆီးချို ရောဂါပညာပေးကုသဌာနသို့ သွားရောက်၍ ဆီးချိုသွေးချို ဝေဒနာရှင်များအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆီးချိုအမျိုးအစား(၁)လူနာများကို အင်ဆူလင်ဆေးဝါးများနှင့် ဆီးချိုစမ်းသပ်စက်များကို ထောက်ပံ့ပေးအပ်ကာလူနာများကို ရင်းရင်းနှီးနှီး အားပေးနှုတ်ဆက်သည်။

အဆိုပါ အခမ်းအနားတွင် ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ ပညာပေးဗီဒီယိုများပြသခြင်းနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များကို ဆီးချိုသွေးချို ရှိမရှိအခမဲ့စစ်ဆေးပေးခြင်း၊ ကုသမှုပေးခြင်းနှင့်လိုအပ်ပါက လွှဲပြောင်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်