ရန်ကုန် နိုဝင်ဘာ ၁၅
ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ကမ်းနားလမ်းရှိ အကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံများတွင် ရှေးဟောင်းအဆောက်အအုံကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပသည်။
ကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ခုတွင် နှစ်တစ်ရာသက်တမ်းအထက်ရှိ အဆောက်အအုံပေါင်း ၂၀၈ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ရှေးဟောင်းအဆောက်အအုံပေါင်း ၁၂၄ လုံးကို သတ်မှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရှေးဟောင်း အဆောက်အအုံများကို ဥပဒေ၊ နည်းပဒေများဖြင့် ကာကွယ်စောင့်ရှောက်သည့်အပြင် ရှေးဟောင်း အဆောက်အအုံများကို ပြုပြင်ထိန်းသိမ်းရာတွင်ရှေးဟောင်းလက်ရာများ မပျောက်မပျက်စေရေးနှင့် အဆိုပါ ရှေးဟောင်းအဆောက်အအုံများသည် ရှေးဟောင်းအဆောက်အအုံများဖြစ်ကြောင်း ထင်ရှားသိသာစေရန် ဖော်ပြထားရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ရှေးဟောင်းအဆောက်အအုံများ၏ ပုံသဏ္ဌာန်၊ တည်ဆောက်ပုံနည်းစနစ်၊ မူလလက်ရာများ၏ တန်ဖိုးအခြေအနေများကိုသိရှိပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားနိုင်ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ရှေးဟောင်းအဆောက်အအုံများတွင် ကမ္ပည်းမော်ကွန်းတပ်ဆင်ရခြင်း ရည်ရွယ်ချက်တို့နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ ကမ်းနားလမ်းရှိအကောက်ခွန်ရုံးနှင့် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) အဆောက်အအုံတို့ရှိ ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် အဆောက်အအုံသုံးလုံးကို လက်ရှိထိန်းသိမ်းစောင့်ရှောက်နေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အကောက်ခွန်ရုံးအဆောက်အအုံကမ္ပည်းကြေးပြား တပ်ဆင်အပြီးတွင် အကောက်ခွန်ရုံးအတွင်း ခင်းကျင်းပြသထားရှိသည့် အကောက်ခွန်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယနေ့ အမွေအနှစ်ကမ္ပည်းမော်ကွန်းကြေးပြားတပ်ဆင်သည့် အမျိုးသားစာကြည့်တိုက်သည် ၁၉၀၈ ခုနှစ်က ဗြိတိသျှရေနံစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သည့် ဘီအိုစီကုမ္ပဏီ၏ ရုံးစိုက်ရာအဆောက်အအုံဖြစ်ခဲ့၍ လွတ်လပ်ရေးရပြီးနောက် ၁၉၆၃ ခုနှစ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဆောင်ရွက်ရာရုံးဌာန တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အမျိုးသားစာကြည့်တိုက်အဖြစ် ယနေ့တိုင်ဖွင့်လှစ်လျက်ရှိသည်။
ရှေးဟောင်းအဆောက်အအုံစာရင်းဝင်ဖြစ်သည့် အကောက်ခွန်ရုံးသည် ယခင် ၁၈၅၃ ခုနှစ်က တည်ဆောက်ခဲ့သည့် သစ်သားအဆောက်အအုံနေရာတွင် ယခုမြင်တွေ့နေရသည့် အဆောက်အအုံကို ၁၉၁၃ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ကာ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ မျက်နှာစာဘက်တွင် နာရီစင်ပါရှိသည့် မျှော်စင်အဆောင်နှင့် အလင်းနှင့်လေဝင်လေထွက် ကောင်းစေရန်လည်းထည့်သွင်း တည်ဆောက်ထားကြောင်း တွေ့ရှိရသည်။
ဝန်ကြီးများရုံးဖြစ်သည့် အတွင်းဝန်ရုံးသည် ရှေးယခင်က မြင်းခင်းသဘင်ကျင်းပခဲ့သည့် နေရာဖြစ်ခဲ့ပြီး ယခုအဆောက်အအုံကို ၁၈၈၉ ခုနှစ်မှ စတင်ကာ ၁၉၀၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။
နိုင်ငံခေါင်းဆောင်ကြီးများ နိုင်ငံ့အရေးဆောင်ရွက်နေစဉ် လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင်နေရာလည်းဖြစ်သည့်အပြင် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာတို့၏လွတ်လပ်ရေးကို ဦးဆုံးထုတ်ပြန်ကြေညာခဲ့ရာနေရာလည်းဖြစ်သည်။
ယနေ့ကမ္ပည်းမော်ကွန်းတပ်ဆင်ခဲ့သည့် ကိုလိုနီခေတ်ရှေးဟောင်းအဆောက်အအုံများသည် ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မြောက်မြားစွာတည်ရှိနေသည့်အတွက် ရှေးဟောင်းအဆောက်အအုံများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များကို နောင်မျိုးဆက်သစ်များတိုင်အောင် ရေရှည်တည်တံ့စေရန်အတွက် နိုင်ငံတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပါဝင် ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်သည်။
သတင်းစဉ်