Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၅

 

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ ဦးအောင်မြိုင်၊ ဦးဇော်ဝင်း၊ ဦးမျိုးလှိုင်နှင့် ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

နိုင်ငံတော်အဆင့် အခမ်းအနား

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ကို နိုင်ငံတော်အဆင့်ကြီးကျယ်ခမ်းနားသည့် အခမ်းအနားတစ်ခုအဖြစ် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားနှင့်ဆက်စပ်၍ အကြိုသီးသန့်ဂုဏ်ပြုအစီအစဉ်နှင့် ဆက်စပ်ဂုဏ်ပြုအစီအစဉ်များကိုလည်း ကျင်းပပြုလုပ်နေမှုရှိပါ ကြောင်း၊ တစ်သက်တွင် တစ်ကြိမ်သာကြုံတွေ့ရမည့် နေ့ထူးနေ့မြတ် ကြုံတောင့်ကြုံခဲအခမ်းအနားကြီးဖြစ်သည့်အတွက် လစ်ဟင်းမှုမရှိစေရေးအကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းစီမံဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေ

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီတွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်နေမှု၊ ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်မည့် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ်များ ပြင်ဆင်ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

ဆက်လက်၍ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာကြသူများက စစ်ရေးပြအစီအစဉ်နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု၊ လေ့ကျင့်ရန်လျာထားသည့် အချိန်ဇယား၊ စစ်ရေးပြအစီအစဉ်၊ ကြာမြင့်ချိန်နှင့် လိုအပ်ချက်များ၊ ဖိတ်ကြားရန်လျာထားမှု၊ စာလုံးသရုပ်ဖော်လေ့ကျင့်ရန်လျာထားမှု၊ စာလုံးသရုပ်ဖော်မည့်အစီအစဉ်၊ လိုအပ်သည့်ကျောင်းသားအရေ အတွက်၊ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်မည့်အစီအမံ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဂုဏ်ပြုယာဉ်များပြင်ဆင်ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးဆိုင်ရာလျာထားမှု၊ ခွင့်ပြုချက်ရယူရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ဆုံးဖြတ်ချက်များကို အတည်ပြု

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီတွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုသည်။

ယင်းနောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်