နေပြည်တော် နိုဝင်ဘာ ၁၄
ပြည်သူများ လျှပ်စစ်အန္တရာယ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးမှုမရှိစေရန်၊ လျှပ်စစ်အား အကျိုးရှိထိရောက်စွာ အသုံးပြုတတ်စေရန်၊ လျှပ်စစ်ကြောင့် ဓာတ်လိုက်မှုဖြစ်စဉ်များ လျော့နည်းသွားစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်တို့အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
တက်ရောက်
လျှပ်စစ် စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ အဆိုပါသင်တန်းခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းသည် စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ခေါ်ယူခဲ့သော လုပ်ငန်းခွင်သို့ ဝင်ရောက်နေသည့် မျိုးဆက်သစ် အင်ဂျင်နီယာ အရာထမ်းများအတွက် ဖွင့်လှစ်သည့် အထူးသင်တန်းဖြစ်ကြောင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်ပွားမှုနှင့် စပ်လျဉ်းသည့် အတွေ့အကြုံဗဟုသုတများ၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရန်/ရှောင်ရန် အချက်များ၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ရမည့် နည်းပညာဆိုင်ရာ အချက်များကို လေ့လာသင်ယူရခြင်းဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ဖြစ်သော စက်ရုံ/အလုပ်ရုံများ၊ စစ်ဆေးရေးဌာနများ၊ လူမှုဝန်းကျင်တို့တွင် လျှပ်စစ်အန္တရာယ် လျော့နည်းပပျောက်စေရေးအတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်ကို စိတ်ဝင်စားသော၊ သင်ယူလိုစိတ်၊ ဖန်တီးတီထွင်လိုစိတ် စသည်ဖြင့် စိတ်အားထက်သန်နေသော အင်ဂျင်နီယာအရာရှိငယ် မောင်/မယ်များအတွက် ဌာနက အားကိုးရမည့် အရာရှိကြီးများ၊ အဖွဲ့အစည်း အကြီးအမှူးကြီးများထိဖြစ်အောင် သင်ကြားပေးရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့်ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးပြုနိုင်သည်အထိ စိတ်ဝင်တစားဖြင့် လေ့လာသင်ယူကြရန် လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအနေဖြင့် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိအောင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အင်ဂျင်နီယာတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်များကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသည်။
သင်ကြားပို့ချမည်
လျှပ်စစ် စစ်ဆေးရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းတွင် လျှပ်စစ်စစ်ဆေးရေးဌာနအကြောင်းသိကောင်းစရာ၊ လျှပ်စစ်ဥပဒေ၊ လျှပ်စစ်နည်းဥပဒေနှင့် လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ လျှပ်စစ်စစ်ဆေးရေး ဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ တိုင်းတာရေးမီတာများနှင့် မီတာတိုင်းတာနည်းစနစ်များ အကြောင်း၊ ဓာတ်လှေကား/စက်လှေကား စစ်ဆေးခြင်းဆိုင်ရာများ၊ ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံအကြောင်း သိကောင်းစရာများ၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာသိကောင်းစရာများ၊ မြေဓာတ်ချစနစ်နှင့် မိုးကြိုးလွှဲစနစ်အကြောင်း၊ ဓာတ်လိုက်မှု စစ်ဆေးခြင်းနှင့် သက်ဆိုင်သည့်အကြောင်းအရာများ၊ လျှပ်စစ်စစ်ဆေးရေးဌာနနှင့် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ဆက်နွှယ်ဆောင်ရွက်မှုများ၊ ကောင်းကင်ဓာတ်အားလိုင်း အကြောင်း သိကောင်းစရာများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်မည့် အင်ဂျင်နီယာ ၄၁ ဦး တက်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်မှ ၂၅ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်