Skip to main content

“စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ” ဟူသော သာသနာပြုလမ်းစဉ်အတိုင်း သာသနာပြုပါက မလွဲဧကန် အောင်မြင်မည်

ရန်ကုန် နိုဝင်ဘာ ၁၄

ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ အဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြည်ညိုကြသည်။

ဘာသာရပ် ၁၁ မျိုးသင်ကြား

ရှေးဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းများကို ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးက ချမှတ်ခဲ့သော “ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်စေရန်၊ ပိဋကတ်ကျမ်းဂန် နှံ့စပ်စေရန်၊ ပါဠိဘာသာ တတ်မြောက် ကျွမ်းကျင်စေရန်၊ မြန်မာစာပေ အရေးအသား တော်စေရန် ဟူသော ပရိယတ္တိပညာသင်ကြားရေး အခြေခံမူလေးရပ်နှင့်အညီ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆင်း သင်တန်းသား ရဟန်းတော်များသည် မိမိတို့၏ ကုသိုလ်ကံအားလျော်စွာ ကျောင်းထိုင်၍ သာသနာပြုရမည့် မြို့၊ ရွာ၊ ရပ်ကွက်များ၌ ဘုရားရှင်၏ အဆုံးအမ သာသနာတော်နှင့်အညီ မိမိ၏အကျိုးစီးပွားနှင့် လောက၏ အကျိုးစီးပွားကို ဆောင်ရွက်နိုင်ရေးအတွက် “စိတ်ရှည်၊ ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ ဟူသော သာသနာပြုလမ်းစဉ်အတိုင်း သာသနာပြုပါက မလွဲဧကန် အောင်မြင်မည်ဖြစ်ပြီး သင်တန်းကျောင်းများတွင် ဘာသာရပ် ၁၁ မျိုးကို သင်ကြားပြသပေးနေကြောင်း၊ ကျောင်းအုပ် ဆရာတော်များအနေဖြင့် မြန်မာ့ဓလေ့ထုံးစံများ၊ ရိုးရာယဉ်ကျေးမှုများ၊ ဘာသာရေးဆိုင်ရာ အဆုံးအမများကို သိရှိလိုက်နာ၍ လောကကောင်းကျိုး ဆောင်ရွက်နိုင်သော ကျောင်းထိုင်ဆရာတော်များ ပေါ်ပေါက်လာစေရန် ဘာသာရပ်တိုင်းကို အလေးဂရုပြု သင်ကြားပေးရန်လိုကြောင်း အဖွင့်ဩဝါဒကထာ မြွက်ကြားသည်။

သာသနာရေးဆိုင်ရာ လျှောက်ထား

ဆက်လက်၍ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမင်း ထွန်းက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ဗဟို) ကြီးကြပ်ရေးအဖွဲ့ သတ္တမ အကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လျှောက်ထားပြီး ဆက်လက်ဆောင်ရွက်ရမည့် ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လျှောက်ထားသည်။

ဆုံးဖြတ်ချက်ငါးချက်ချမှတ်

ထို့နောက် ကြွရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း လျှောက်ထားကြကာ ဆွေးနွေးချက် လေးရပ်နှင့်ပတ်သက်၍ အတည်ပြုချက် တစ်ချက်နှင့် ဆုံးဖြတ်ချက် ငါးချက်ကို ချမှတ်ခဲ့သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသရာဘိဝံသက နိဂုံးချုပ်ဩဝါဒ မြွက်ကြားပြီး ပြည်ထောင်စုဝန်ကြီးက ကြွရောက်လာကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်း၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းသည်။

ရဟန်းတော် ၄၆၈၁ ပါးရှိ

ယနေ့ချိန်အထိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှစ်နှစ်သင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သင်တန်းအကြိမ်ပေါင်း ၂၀၇ ကြိမ် ဖွင့်လှစ်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်း သား ၂၂၃ ပါးနှင့် တက်ရောက်ပြီး သင်တန်းသား ၄၄၅၈ ပါး စုစုပေါင်း သင်တန်းသား ရဟန်းတော် ၄၆၈၁ ပါးရှိကြောင်း သိရသည်။

သတင်းစဉ်