Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဝန်ထမ်းများမိတ်ဆုံစားပွဲသို့ တက်ရောက်ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နေ့လယ်စာအတူတကွသုံးဆောင်

နေပြည်တော် နိုဝင်ဘာ ၁၄

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဝန်ထမ်းများမိတ်ဆုံစားပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဝန်ထမ်းများ မိတ်ဆုံစားပွဲမတိုင်မီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဝန်ထမ်းများနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံနိုင်ရန် ယခုကဲ့သို့ မိတ်ဆုံစားပွဲများ ကျင်းပခြင်းမျိုးသာမက လစဉ်ဆန္ဒခံယူပွဲများ၊ အခါအားလျော်စွာ ကျင်းပနေသည့် အခမ်းအနား များနှင့် ဆွေးနွေးပွဲများ ပြုလုပ်တွေ့ဆုံလျက်ရှိပါကြောင်း၊ ထို့ပြင် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားအသင်း အဖွဲ့များနှင့်လည်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ခရီးသွားနယ်ပယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက- ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးကြီးသည့်အတွက် ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအား အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနတာဝန်ခံများ၊ ဝန်ထမ်းများနှင့်အတူ ရင်းရင်းနှီးနှီး လက်ရည်တစ်ပြင်တည်း နေ့လယ်စာ သုံးဆောင်ကြသည်။

အဆိုပါဝန်ကြီးဌာန၏ ဝန်ထမ်းများမိတ်ဆုံစားပွဲအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ရုံးခွဲ (၃၈) ရုံးတွင်လည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်