နေပြည်တော် နိုဝင်ဘာ ၁၄
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲ ကျင်းပရေးဦးစီးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့် လွတ်လပ်ရေး၏ အငွေ့အသက်များ ခံစားနားလည်နိုင်စေရန်အတွက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် မွန်းကျပ်နေသည့် ပြည်သူများကို ဖျော်ဖြေမှုပေးနိုင်ရန် ပထမဆုံးအကြိမ် ကျင်းပသည့် အကြီးကျယ်ဆုံးပဒေသာကပွဲကြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ့ဝန်ထမ်းများနှင့် အနုပညာရှင်များက လေးလေးနက်နက် စေတနာပါပါဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ညှိနှိုင်းရန်ကိစ္စရပ်များရှိပါက ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားသည်။
လိုအပ်သည်များအသင့်ဖြစ်စေရေး ဆောင်ရွက်ထားမည်
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အစီအစဉ်ဖြစ်သော ပဒေသာကပွဲ အောင်အောင်မြင်မြင် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ ကြိုဆိုနေရာချထားရေးဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုမတိုင်မီ လိုအပ်သည်များ အသင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြ
ထို့နောက် တက်ရောက်လာကြသူများက ပဒေသာကပွဲတွင် ပါဝင်မည့် ဖျော်ဖြေရေးအစီအစဉ်များ၊ တင်ဆက်မည့်ပြဇာတ်များ၊ တေးဂီတ အစီအစဉ်များ၊ တည်းခိုနေထိုင်ရေးစီစဉ်ထားရှိမှု၊ အခမ်းအနားပြင်ဆင်ရေးအပါအဝင် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျာထားချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ သည်။
ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အခမ်းအနားပြင်ဆင်ရေး၊ သွားလာနေထိုင် စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆပ်ကော်မတီအလိုက် ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြမည်
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော်မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ ငါးရက်ကြာ ဖျော်ဖြေတင်ဆက်မည်ဖြစ်ပြီး ပထမသုံးရက်တွင် ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာရှင်များက လည်းကောင်း၊ နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ အနုပညာရှင်များက လည်းကောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များကလည်းကောင်း ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်