ကိုဗစ်-၁၉ ရောဂါကို ဆေးခါးကြီးပါဝင်သည့် ဝိသမအဖျားပျောက်ဆေးနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးအဖြစ် ထုတ်လုပ်မည်
နေပြည်တော် နိုဝင်ဘာ ၁၄
(၂၀၂၂) ခုနှစ် အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သမိုင်းမှတ်တမ်းများအရ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ကျန်းမာရေး ဝန်ကြီးဌာနဟုအမည်မှည့်ခေါ်၍ တရားဝင်အမိန့်ကြော်ငြာစာတွင် စတင် ထုတ်ပြန်သုံးနှုန်းခဲ့သဖြင့် အမျိုးသားကျန်းမာရေးနေ့ဟု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစတင်၍ ခေတ်အဆက်ဆက်၌ ဆေးနှင့်ကျန်းမာရေးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းကျန်းမာ ကြံ့ခိုင်စွာ အသက်ရှည်စွာနေထိုင်နိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း။
ဦးစီးဌာနခြောက်ခုဖြင့် စနစ်တကျဆောင်ရွက်
ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ် တားဆီးခြင်း၊ ရောဂါဖြစ်ပွားလာလျှင် ထိရောက်စွာကုသပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်း၊ ဆေးသုတေသနလုပ်ငန်းများ၊ တိုင်းရင်းဆေး ပညာ တိုးတက်မြင့်မားစေရေးလုပ်ငန်းများ၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများတို့ကို ဦးစားပေးကဏ္ဍများအဖြစ် ဦးစီးဌာန ခြောက်ခုဖြင့် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း။
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအနေဖြင့် ဘဝတစ်သက်တာ ကျန်းမာရေးစောင့်ရှောက်ပေးမှု ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုသရေးလုပ်ငန်းများအနေဖြင့် ယခုနှစ်အတွင်း ဆေးကုသဆောင်သစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ကဏ္ဍ ခေတ်အဆက်ဆက်တွင် ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ ဆေးပညာနှီးနွှယ်တက္ကသိုလ်များမှ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ခြင်းနှင့် ဒီပလိုမာ၊ မဟာသိပ္ပံ၊ ပါရဂူ၊ ဘွဲ့လွန်ဆေးပညာ သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း၊ ဆေးသုတေသနဆိုင်ရာလုပ်ငန်းများအနေဖြင့် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးများနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ခြင်းများနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ဆေးခါး ကြီး ပါဝင်သည့် ဝိသမအဖျားပျောက်ဆေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ တိုင်းရင်းဆေးဝါးအဖြစ် ထုတ်လုပ်မည်ဖြစ်ကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဆိုင်ရာ လုပ်ငန်းများအနေဖြင့် သုံးစွဲရန်မသင့်သော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးခြင်းနှင့် ဆေးဝါးမှတ်ပုံတင် ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။
ယခုနှစ်အတွက် အမျိုးသားကျန်းမာရေးနေ့၏ ဆောင်ပုဒ်မှာ “ကျန်းမာရေးအသိပညာ မြင့်မားဖို့ အားလုံးပါဝင်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ မြင့်မားလာပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ခြင်းမှတစ်ဆင့် နိုင်ငံ၏ မျှော်မှန်းသက်တမ်းမြင့်မားလာ ရေးအတွက် နှီးနွှယ်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုကြောင်း။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရင်ချင်းဆက် အမြွှာများကို ခွဲစိတ်ကုသခဲ့မှု၊ ကျောက်ကပ်/ အသည်း/မျက်ကြည်လွှာ/ ရိုးတွင်းခြင်ဆီအစားထိုးကုသခဲ့မှုများ၊ ပြတ်တောက်သွားခဲ့သည့် ကိုယ်လက် အင်္ဂါအစိတ်အပိုင်းများကို ခွဲစိတ်ကုသခဲ့မှု၊ ကျောက်ကြီးရောဂါ ကင်းစင်ရေး၊ ပိုလီယိုအကြော သေရောဂါ ပပျောက်ရေး၊ မျက်ခမ်းစပ်ရောဂါ ပပျောက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးစသည့် ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ခဲ့မှု များကို စနစ်တကျမှတ်တမ်းတင်ထားရှိ၍ နောင်ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်ရာတွင် အတွေ့အကြုံများအဖြစ် အသုံးဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်မည့် ခေတ်မီတိုးတက်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေးကို စဉ်ဆက်မပြတ်လေ့ကျင့် စွမ်းဆောင် ရမည်ဖြစ်ကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရရှိ သည်အထိ ဦးတည်ချက်ထား ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းနှင့် ပြည်သူများ၏ မျှော်မှန်းသက်တမ်း ယခုထက်ပိုမို မြင့်မားလာစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကျန်းမာရေးနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုအား ပြသသည်။
ဂုဏ်ပြုချီးမြှင့်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆေးပညာတံဆိပ်(ပထမဆင့်) ထူးချွန်ဆုရရှိသူများနှင့် ရဲဗလ တံဆိပ်ရရှိသူ လေးဦးကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက စီမံထူးချွန်တံဆိပ် (တတိယဆင့်)ရရှိသူ ၃၁ ဦးကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၃၄ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကြပြီး အမျိုးသားကျန်းမာရေးနေ့အထိမ်း အမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်