Skip to main content

သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တောင်သူများ ဝင်ငွေပိုမိုရရှိစေမည်

နေပြည်တော် နိုဝင်ဘာ ၁၃

ကုန်ကျစရိတ်သက်သာစွာဖြင့် သီးထပ်သီးနှံများကို ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်လာပြီး တောင်သူများ ဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာအသုံးပြုခြင်းဖြင့် ထွန်စက်ကြီးအသုံးပြုမှုမှ ကြုံတွေ့ရမည့် မြေသိပ်သည်းမှုကို ဖြေလျှော့နိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် ကင်ပွန်းတန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာနကကျင်းပသည့် ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာဖြင့် မတ်ပဲစိုက်ပျိုးခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အမြင်ချင်းဖလှယ်ဆွေးနွေး

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် တောင်သူများက ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာဖြင့် မတ်ပဲစိုက်ပျိုးခြင်းကို ကြည့်ရှုလေ့လာကြရာ ပြည်ထောင်စုဝန်ကြီးက ထယ်ရေးမလိုသော မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့နှင့် ဓါတ်မြေဩဇာကို မြေအတွင်း တိုက်ရိုက်ထည့်သွင်းစိုက်ပျိုးနိုင်မှု၊ မျိုးစေ့အနည်းအများ ပင်ကြားတန်းကြား အစိပ်အကျဲကို လိုအပ်သလို ချိန်ညှိစိုက်ပျိုးနိုင်မှု၊ တောင်သူများအသုံးပြုနိုင်ရန် ပုဂ္ဂလိကလယ်ယာသုံး စက်ကိရိယာလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားပြီး တောင်သူများ လက်ရှိကျင့်သုံးနေသော စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ် ပေါစံခေါကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ပေါင်းလောင်းဆည်ရေ သောက်ရေအသုံးချသူအဖွဲ့ဝင် တောင်သူများနှင့် လည်းကောင်း၊ သစ်စိမ့်ပင်ကျေးရွာအနီးရှိ ပေါင်းလောင်းရေလွှဲဆည် ရှင်းလင်းဆောင်၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံသည်။

ဆွေးနွေးမှာကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တောင်သူများ အကျိုးရှိစေမည့် သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးပြီး ဆည်ရေသောက်ဧရိယာ၏ သီးနှံထုတ်လုပ်နိုင်မှုစွမ်းအား တိုးမြှင့်ရေး၊ မြေမျက်နှာသွင်ပြင် အခြေအနေပေးမှုကို အသုံးချ၍ စိုက်ပျိုးရေတိုးတက်ပေးဝေနိုင်ရေး၊ သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်နေရာများတွင် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများနှင့် တိရစ္ဆာန်အစာပင်များ စိုက်ပျိုး လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ပေါင်းလောင်း ရေလှောင်တမံမှ ရေအားလျှပ်စစ် ထုတ်ယူပြီး ဆက်လက်စီးဆင်း ထွက်ရှိလာသည့် ရေများကို ပေါင်းလောင်းရေလွှဲဆည်မှတဆင့် အရှည်မိုင် ၃၀ ရှိ လက်ဝဲတူးမြောင်းမကြီးနှင့် အရှည် မိုင် ၃၀ ခန့်ရှိ လက်ယာတူးမြောင်းမကြီးတို့ဖြင့် သွယ်ယူပြီး နေပြည်တော် ပျဉ်မနား၊ လယ်ဝေးမြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တို့ရှိ စုစုပေါင်း စိုက်ပျိုးမြေ ဧရိယာ ဧက နှစ်သောင်းကျော်ကို အကျိုးပြုလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါးဧက ၁၉၀၀၀ ခန့် စိုက်ပျိုးခဲ့ပြီး ဆောင်းသီးနှံသီးထပ်တွင် ပဲမျိုးစုံနှင့် နှမ်းသီးနှံဧက ၁၅၀၀၀ ကျော်၊ နွေစပါးဧက ၁၂၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက် ရှိသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ငါးမွေးမြူရေး တောင်သူဦးကြည်ထွန်း၏ ပေါင်းလောင်းချောင်းအတွင်း ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးအားပေးသည်။

နည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေး

ငါးမွေးမြူရေးကိုအခြေခံသော အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိရန်၊ ဒေသ၏ ငါးမွေးမြူထုတ်လုပ်မှုတိုးတက်ရန်၊ သဘာဝရေပြင်တွင် အရင်းအနှီး ကုန်ကျစရိတ်သက်သာစွာ ငါးမွေးမြူထုတ်လုပ်နိုင်မည့် ရေပေါ်လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူခြင်းအတွက် ငါးလုပ်ငန်းဦးစီးဌာနက လိုအပ်သည့် နည်းပညာနှင့် အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်