Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကျင်းပမည့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် အားကစားသမားများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၁၂

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၌ တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှ ဝင်ရောက်နိုင်သည့်အဝင်လမ်း ကတ္တရာကွန်ကရစ်ခင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကတ္တရာကွန်ကရစ်ခင်းနေမှု လက်တွေ့လေ့လာ နေသူများနှင့်တွေ့ဆုံပြီး ကတ္တရာကွန်ကရစ်ခင်းရာတွင် လမ်းအင်္ဂါရပ်နှင့်အညီ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီအောင်ဆောင်ရွက်ရန်လိုကြောင်း၊ စာတွေ့နှင့်လုပ်ငန်းခွင်မှလက်တွေ့လုပ်ငန်းများကိုပေါင်းစပ်၍ အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျင်းပမည့် အားကစားပြိုင်ပွဲ များတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်လေ့ကျင့်နေသည့် အားကစားသမားများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်ကြောင်း၊ အဆိုပါ စိန်ရတုလွတ်လပ်ရေးပွဲကြီးကို ကြုံကြိုက်ဆင်နွှဲခွင့်ရခြင်းသည် အထူးအခွင့်အရေး ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကိုထမ်းဆောင်နေသည့်အပြင် စွမ်းဆောင်နိုင်သည့် အားကစားဖြင့်လည်း ဌာနဂုဏ်ကိုမြှင့်တင်ပေးရာရောက်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆောက်လုပ်ရေးဝန်ကြီးဌာန အားကစားသမားများအား အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ပြီး အားကစားသမားများ၊ တာဝန်ရှိသူများနှင့်အတူ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်