နေပြည်တော် နိုဝင်ဘာ ၁၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ငမင်ကြိုးဝိုင်းအတွင်းတည်ထောင်ထားသော သစ်မျိုးစုံစိုက်ခင်း ဧက ၁၀၀ ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သစ်မျိုး ၅၁ မျိုးဖြင့် စိုက်ပျိုးထားမှုအခြေအနေနှင့် သုတေသနဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် သာစည်ကြိုးပြင်ကာကွယ်တောရှိ ၃/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ အပင် ၃၀၀၀ ၊ သဘာဝတောထိန်း ဧက ၁၀၀၀ အတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးထားသော ၄/၂၀၂၁ အထူးစိမ်း ကွက်လပ်ဖြည့် အပင် ၄၀၀၀ ၊ ၅/၂၀၂၁ အထူးစိမ်းအပင်ကြီးစိုက်ပျိုးမှု အပင် ၉၃၆၀ တို့၏ ရှင်သန်အောင်မြင်မှုအခြေအနေကိုလည်းကောင်း၊ တောပုန်းကြိုးပြင်ကာကွယ်တောရှိ ၂/၂၀၂၂ ကျေးရွာထင်းစိုက်ခင်း ၅၅ ဧက နှင့် ၃/၂၀၂၂ အခြားစိုက်ခင်းဧက ၃၀ ၏ ရှင်သန်အောင်မြင်မှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင်ကြိုးပြင် ကာကွယ်တောအတွင်း တည်ထောင်စိုက်ပျိုးသော ၂/၂၀၂၁ တောင်တန်းစိုက်ခင်း ဧက ၁၀၀ ၊ ၅/၂၀၂၁ အထူးစိမ်းအပင်ကြီး တစ်အုပ်တစ်မ အပင် ၃၂၄၀ ၊ ၃/၂၀၂၂ အထူးစိမ်းတစ်အုပ်တစ်မ အပင် ၁၅၀၀ ၊ ၃/၂၀၂၁ အထူးစိမ်းတစ်အုပ်တစ်မ အပင် ၁၅၀၀ ၊ ၁/၂၀၂၁ အထူးစိမ်းစိုက်ခင်း အပင် ၆၂၀၀ နှင့် ပုဂံဂံကြိုးဝိုင်းအတွင်း စိုက်ပျိုးထားသော ၁/၂၀၂၂ ကျေးရွာထင်းစိုက်ခင်း ၅၀ ကိုကြည့်ရှုစစ်ဆေးပြီး သဘာဝတောကျန်များကို ပိုမိုတိုးတက်လာအောင်ဆောင်ရွက်ပြီး သစ်တောဖုံးလွှမ်းမှုပြန်လည် ကောင်းမွန်လာစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ သဘာဝတောကျန်များရှိ ကွက်လပ်နေရာများတွင် ဒေသနှင့်ကိုက်ညီသောသစ်မျိုးများဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်းကို ထိထိရောက်ရောက်ဆောင်ရွက်သွားရန်၊ ကျေးရွာသုံးထင်းစိုက် ခင်းများ ပိုမိုတိုးချဲ့စိုက်ပျိုးရန်နှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအသုံးပြုနိုင်ပြီး ထင်းလောင်စာ သုံးစွဲမှု ၄၀ ရာခိုင်နှုန်းချွေတာနိုင်သော စွမ်းအားမြင့်မီးဖိုများအား ဒေသခံပြည်သူများထံ ဆက်လက်ဖြန့်ဝေသွားရန်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက မိုးရေစုကန်များဆောင်ရွက်ပေးထားသော မင်းဘူးမြို့နယ် ဇီးအိုင်အုပ်စု တဲကုန်းရွာရှိ ရွာသူ၊ ရွာသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ် ရွှေတပင်အမြဲတမ်းပျိုးဥယျာဉ်အတွင်း ၂၀၂၃ မိုးရာသီတွင် စိုက်ပျိုးရန်ပျိုးထောင်ထားသောပျိုးပင် ၈၈၀၀၀ နှင့် အထူးစိမ်းပျိုးပင် ၂၉၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်