နေပြည်တော် နိုဝင်ဘာ ၁၁
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သတင်းရေးသားခြင်း ဆိုင်ရာ အမှတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သုံးပတ်ကြာ ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် စာတွေ့လက်တွေ့ သင်ယူလေ့လာခဲ့ကြရသည့် အတွက် မီဒီယာကဏ္ဍ၏ အရေးကြီးပုံ၊ အရေးပါပုံနှင့် နက်နဲမှုတို့ကို သိမြင်နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ခေတ်တွင် မီဒီယာကဏ္ဍသည်နည်း ပညာတိုးတက်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် ပြောင်းလဲလျက်ရှိရာ အထူးအားဖြင့် လူမှုမီဒီယာများတွင် သတင်းစီးဆင်းမှု မြန်ဆန် လျင်မြန်လွန်းသည့် အတွက် ပြည်သူများ သိသင့်သိထိုက်သည့် မိမိတို့ဌာန၊ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို လွှမ်းခြုံ အသိပေးနိုင်အောင် ကြိုးစားကြရ မည်ဖြစ်ကြောင်း။
တိကျ၊ မှန်ကန်၊ မြန်ဆန်တင်ပြရန်
ထိုသို့ ပြည်သူ့ထံအသိပေးတင်ပြရာတွင် တိကျ၊ မှန်ကန်၊ မြန်ဆန်စွာ တင်ပြအသိပေးနိုင်ရန် အရေးကြီးသည့်အပြင် ပုံနှိပ်မီဒီယာကဏ္ဍတွင် တင်ပြအသိပေးမည့် သတင်း၊ သတင်းဓာတ်ပုံ၊ ဆောင်းပါးများသည် အရည်အသွေးကောင်းမွန်ရမည် ဖြစ်ကြောင်း၊ ထို့အတူ အရုပ်/အသံ များဖြင့် တင်ပြအသိပေးရာတွင် အရုပ်/အသံ အရည်အသွေး ပြည့်မီရမည်ဖြစ်ကြောင်း၊ ထို့အပြင် မီဒီယာအခန်းကဏ္ဍမှ တစ်ဆင့်ပြည်သူ့အတွက် တင်ပြဆောင်ရွက်ခဲ့မှုများကို မှတ်တမ်း များအဖြစ် စနစ်တကျထားရှိ ဆောင်ရွက်နိုင်အောင် ကြိုးပမ်း ကြရမည်ဖြစ်ကြောင်း။
မီဒီယာကဏ္ဍသည်နက်နဲ ကျယ်ပြန့်ကြောင်း၊ ယခုအချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် မီဒီယာများသည် မီဒီယာကို အသုံးချ၍ သတင်းတု၊ သတင်း အမှားများကို ဖြန့်ဝေကာ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်မှုများ ရှိနေကြောင်း၊ သတင်းတု၊ သတင်းအမှား များကြောင့် ပြည်သူများ စိတ်နှလုံးညှိုးနွမ်းပြီး လုံခြုံမှုမရှိဟု ခံစားရစေရန် ရည်ရွယ်ဆောင်ရွက်မှုများကို အမှန်တရားဖြင့် အသိဉာဏ် ဖွင့်ပေးနိုင်ရန် လိုအပ်ကြောင်း။
ထိုသို့ သတင်းမှန်များကို ပြည်သူ့ထံတင်ပြရာတွင် ထိရောက်သည့် သတင်းစာသား၊ သတင်းဓာတ်ပုံနှင့် အရုပ်/အသံများကို တိကျ၊ မှန်ကန်၊ မြန်ဆန်စွာဖြင့် ပေါ်လွင်အောင် တင်ပြသွား ကြရမည်ဖြစ်သည့်အတွက် ယနေ့သင်တန်းမှ လေ့လာသင်ယူခဲ့ရသည့် ဗဟုသုတများ၊ ပညာရပ်များ၊ အတွေ့အကြုံများကို အခြေခံ၍ လက်တွေ့အသုံးချသွားကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကဝန်ကြီးဌာန တစ်ခုချင်းအလိုက် သင်တန်းသား ကိုယ်စားလှယ်တစ်ဦးစီအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူး တင်စကား ပြောကြားသည်။
သင်တန်းသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ အမှုထမ်း၊ အရာထမ်းများ ၄၆ ဦး တက်ရောက်သည်။
ဆောင်ရန် ရှောင်ရန်များပို့ချ
သင်တန်းအမှတ်စဉ် (၂) ကို အောက်တိုဘာ ၂၅ ရက်မှ စတင် ကာ ရက်သတ္တ သုံးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် ကင်မရာ၏ လုပ်ဆောင်ချက် (Function)များ၊ ရိုက်ကူးနည်း အဆင့်ဆင့်၊ သတင်းရိုက်ကူးနည်း၊ မှတ်တမ်းဗီဒီယို ရိုက်ကူးနည်း၊ သတင်းများ တည်းဖြတ်ခြင်း၊ သတင်းရေးသားနည်း အခြေခံအချက်များ၊ အွန်လိုင်းသတင်းရေးသားခြင်း အခြေခံနည်းစနစ်များ၊ အွန်လိုင်းသတင်းရေးသားသူတို့ ဆောင်ရန်ရှောင်ရန်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်