နေပြည်တော် နိုဝင်ဘာ ၉
ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား e-ID စနစ်လုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က e-Government စနစ်၏ အခြေခံအကျဆုံး လုပ်ငန်းတစ်ရပ်ဖြစ်သည့် e-ID စနစ်လုပ်ငန်းကို မိမိတို့ ဝန်ကြီးဌာနက တာဝန်ယူ၍ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီး အကဲများပါဝင်သည့် အဖွဲ့ဝင် ၂၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာတွင် အဓိကအားဖြင့် နိုင်ငံတွင်းနေထိုင်သူ အသက်(၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုသူ (PR)၊ အမြဲနေအခွန်ဆောင် နိုင်ငံခြား သားများ (FRC) စသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data)များ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး Unique ID နံပါတ် (ဂဏန်း၁၀လုံး) သတ်မှတ် မှတ်ပုံတင်ထုတ်ပေးနိုင်ရေးပင် ဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာနှင့် စက်ကိရိယာများဝယ်ယူ အသုံး ပြုနိုင်ရေးအတွက်လည်း ကော်မတီများဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး၏ Biographic Data များဖြစ်သည့် နိုင်-၄ ကိုယ်ရေးအချက်အလက် ၅၂ သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) ၁၃ သန်းကျော်တို့ကို Database Server အတွင်း ထည့်သွင်းပြီးဖြစ်သည့်အတွက် လုပ်ငန်းစဉ်အလိုက် ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ယခုပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား Biometric အချက် အလက်ကောက်ယူခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရေးအတွက် ယခု အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် e-ID စနစ်လုပ်ငန်းကော် မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်က e-ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို လည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့်ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူမည့်အစီအစဉ်နှင့် ဌာနအလိုက် စီစဉ်ဆောင်ရွက်ပေးရမည့် အခြေအနေများကိုလည်း ကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာနကိုယ်စားလှယ်များ သိရှိလိုသည်များ၊ မရှင်းလင်းသည့်အချက်အလက်များနှင့် လိုအပ်သည်များ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး တင်ပြသည်။
ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ယခု လုပ်ငန်းစဉ်သည် e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်ပြီး နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စနစ်ကူးပြောင်း ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းကူညီဆောင် ရွက်ပေးကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
e-ID စနစ်သည် Unique ID နံပါတ် သတ်မှတ်မှတ်ပုံတင်ထုတ်ပေးနိုင်ရေးအတွက် ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) တို့ကို Database တွင် သိမ်းဆည်းဆောင်ရွက်ရခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက်မှ စတင်ကာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများအား သတ်မှတ်ရက်အလိုက် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် နောက်ပိုင်းတွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သတ်မှတ်မြို့နယ်များ၌ ဆက်လက်ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်