နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှုတစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အတူ နိုင်ငံကျော်တေးသံရှင်များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည်တော်ရှိ ဝန်ကြီးဌာန များသို့ လှည့်လည်ဖျော်ဖြေလျက် ရှိသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
အဆိုပါဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်၊ သရုပ်ဆောင်တေးသံရှင်များဖြစ်ကြသည့် မိုးယံဇွန်၊ ဝေလျှံ၊ ဝင်းသပြေထွန်း၊ ပန်းသော်တာတို့နှင့်အတူ ရောက်ရှိကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အသင်းသား၊ အသင်းသူများ၊ ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဝန်ထမ်းမိသားစုများကလည်း အနုပညာရှင်များအား ရင်းရင်းနှီးနှီး မိတ်ဆက်ကာ အတူတကွ အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် ဖျော်ဖြေပွဲကို ကျင်းပရာ မြန်မာ့အသံမှ တေးသံရှင်များက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်တွဲဖက်၍ မြန်မာသံစဉ် တေးသီချင်းများဖြင့်လည်းကောင်း၊ ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ အဉ္ဇလီအငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီး ယဉ်ယဉ်ဝေ၊ ရှေ့ထွက်မင်းသမီး ခိုင်သစ္စာ၊ လူရွှင်တော် စောမင်းနောင်၊ ဇော်မင်းထွန်း၊ ဇင်ဝိုင်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က အငြိမ့်ကပြမှုဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည်သိန်းတန်နှင့်အတူ မိုးယံဇွန်၊ ဝေလျှံ၊ ဝင်းသပြေထွန်းနှင့် ပန်းသော်တာတို့က တေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပြီး ပြည်ထောင်စုဝန်ကြီးက ခေတ်ပေါ်တေးဂီတအဖွဲ့၊ မြန်မာ့အသံမှ တေးသံရှင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း အသီးသီးသို့လည်း ဆက်လက်သွားရောက် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်