Skip to main content

အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်‌တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ

ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအစည်းအဝေး အစီအစဉ်အရ ယနေ့မွန်းလွဲပိုင်းတွင် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီးများနှင့် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့်သစ်‌တောဝန်ကြီးများ မျက်နှာစုံညီအစည်းအဝေးကို Virtual Format ဖြင့်ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် သဘာပတိ ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့က အာဆီယံ ကာဗွန်လျှော့ချရေးအတွက် မဟာဗျူဟာရေးဆွဲရေး၊ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်ပေးအပ်ရေးနှင့် လုပ်ငန်းလမ်းညွှန်ချမှတ်ရေးတို့ကို ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရှည်အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကမ္ဘာ့ကုလသမဂ္ဂထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်း ချက်များပြည့်မီစေရန် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေမှု၊ အဆိုပါ မူဝါဒ၊ မဟာဗျူဟာများနှင့်အညီ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားအဆင့် အကောင်အထည်ဖော်ရေးစီမံချက်ရေးဆွဲပြီး ပို့ဆောင်ရေးနည်းများတွင် ကာဗွန်လျှော့ချရေးဆောင်ရွက်နေမှုများကို ဆွေးနွေး သည်။

ဆက်လက်၍ ကာဗွန်ဓါတ်ငွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အတွက် “မှတ်ပုံတင်သက်တမ်းကြာမြင့်ယာဉ်များဖျက်သိမ်းရေးနှင့် အစားထိုးယာဉ်တင်သွင်း ရေးစီမံချက်” ကို ၂၀၁၁ ခုနှစ်မှစတင်၍ ဆောင်ရွက်နေမှု၊ လက်ရှိကာလတွင် လျှပ်စစ် သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်အသုံးပြု ပြေးဆွဲရန်လိုအပ်သည့်မူဝါဒ၊ လုပ်ငန်းစဉ်နှင့် လမ်းညွှန်ချက်များ ချမှတ်နိုင်ရေး၊ ရေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် ကမ်းရိုးတန်းသွားရေယာဉ်များတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အစိမ်းရောင်သင်္ဘောမဟာဗျူဟာနှင့် ပြည်တွင်းရေကြောင်း သွားရေယာဉ်များ၏ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး၊ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်ကွန်ဗင်းရှင်းပါစံညွှန်းများနှင့်အညီ ကာဗွန်လျှော့ချရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက်နေမှုများနှင့် အာဆီယံဒေသတွင်း ကာဗွန်လျှော့ချရေးအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မဟာဗျူဟာရေးဆွဲချမှတ်ရန်လိုအပ်မှု၊ မဟာဗျူဟာရေးဆွဲရေးအပေါ် ကဏ္ဍအလိုက်တာဝန်ပေးအပ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုအချက်အလက်များစုဆောင်းအကဲဖြတ်မှုများတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်လိုအပ်မှုများကို အကြံပြုဆွေးနွေးသည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ၊ ပို့ဆောင်ရေးဝန်ကြီးများ၊ စွမ်းအင်ဝန်ကြီးများ တက်ရောက်ကြပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်