နေပြည်တော် နိုဝင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ မဲခေါင်-လန်ချန်းရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် မတ်လက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို တရုတ်နိုင်ငံဆန်းယမြို့မှာ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း(Sanya Declaration)ကို ကြေညာနိုင်ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကိုတိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကိုလျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့်သွားရန်ဖြစ်ကြောင်း။
ပွဲတော်ကို ကျင်းပခြင်းဖြင့် ရိုးရာယဉ်ကျေးမှု ကြွယ်ဝသော မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ ဂုဏ်ယူစရာဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာမတူညီမှုများ၊ ကွဲပြားမှုများကိုသိရှိလေ့လာနိုင်ရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှုလွှမ်းမိုးလာခြင်း၊ နည်းပညာနှင့်ရုပ်ဝတ္ထုပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအနေဖြင့် တူညီသောစိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မဲခေါင်- လန်ချန်းဒေသတွင်းရှိ အနုပညာရှင်လူငယ်များအကြား ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေရန်စသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော်ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဖြင့်ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပွဲတော် ကျင်းပရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။ထို့နောက် မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်