Skip to main content

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၂-၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

ယနေ့အစည်းအဝေးသည် ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များအပေါ် ကြိုတင်ခွင့်ပြုခဲ့သည့် အမှုတွဲများအား အဖွဲ့ဝင်များနှင့် ပြန်လည်စိစစ်အတည်ပြုနိုင်ရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်(၁၀)ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၂ - ၂၀၂၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရုံးအမှတ်(၃၀)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး သုံးကြိမ်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များနှင့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းဆိုင်ရာအမှုတွဲများ စုစုပေါင်း ၅၆ စောင်ကို စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် ကော်မတီ၏ ညှိနှိုင်းအစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးရန်ပုံငွေလွှဲပြောင်း သုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်အမှုတွဲ ၂၃ စောင်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်ဌာနဆိုင်ရာများမှ တင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခွင့်ဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်းတန်ဖိုးပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ် ၃၂ ခုကို လုပ်ငန်းကြန့်ကြာမှုမရှိစေရေးအတွက် ကြိုတင်စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်၍ ယခုအစည်းအဝေးတွင် အဖွဲ့ဝင်များနှင့် ပြန်လည်အတည်ပြု ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီတွင် မူလသတ်မှတ်ထားသည့် လုပ်ငန်းတာဝန်(၁၀)ရပ်အပေါ် လုပ်ငန်းဆောင်ရွက်မှုနှင့် ကိုက်ညီပြည့်စုံမှုရှိစေရန်အတွက် အစည်းအဝေးများကျင်းပ ၍ မူဝါဒ(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၁၆)ရပ်ကို အတည်ပြုသတ်မှတ်နိုင်ခဲ့ကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်၏ စက်ပစ္စည်းကဏ္ဍနှင့်ပတ်သက်၍ အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အစိုးရဌာနဆိုင်ရာများနှင့် စက်ပစ္စည်းဝယ်ယူမှု၊ စက်ပစ္စည်းအသုံးပြုမှုများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်အတွက်ကောင်းမွန်သည့် အထောက်အပံ့ဖြစ်စေရန် ကော်မတီ၏မူဝါဒ၊ လုပ်ငန်းတာဝန်များနှင့်အညီ စနစ်တကျစိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ယနေ့အစည်းအဝေးတွင် ဌာနဆိုင်ရာများမှတင်ပြလာသည့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဆိုင်ရာကိစ္စရပ်များအပေါ် စိစစ်အတည်ပြုပေးကြရန်နှင့် ကော်မတီမှဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ စက်ပစ္စည်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ဝန်ကြီးဌာနများက တင်ပြလာသောအမှုတွဲ ၂၇၆ စောင်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုအခြေအနေနှင့် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း/ ဝန်ကြီးဌာနများက တင်ပြလာသော အမှုတွဲ ၂၂၈ စောင်နှင့်ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။

 

သတင်းစဉ်