Skip to main content

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေး အခွန်ထမ်းပြည်သူများကို အသိပညာပေးစည်းရုံးသွားရန်လို

နေပြည်တော် နိုဝင်ဘာ ၈

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝရရှိရေးဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာစေရေးကို အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခုဖြစ်လာစေရန် အဓိကဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၇၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ်(၄၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းတွင်ပို့ချပေးမည့် ပြည်တွင်းအခွန်များဦးစီးဌာနက တာဝန်ယူကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်၊ အထူးကုန်စည်ခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့နှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်ပညာ၊ အခွန် ဆိုင်ရာစာရင်းစစ်ဆေးခြင်း၊ သတင်းအချက်အလက် နည်းပညာကိုအခြေခံ၍ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအခြေအနေများ၊ အခွန်ရှောင်တိမ်းမှုများအား သက်ဆိုင်ရာအခွန်ဥပဒေများနှင့်အညီ စုံစမ်းဖော်ထုတ် စည်းကြပ်ကောက်ခံနိုင်သည့်နည်းလမ်းများ စသည့်ဘာသာရပ်များကို စာတွေ့၊ လက်တွေ့ ပေါင်းစပ်လေ့လာပြီး မိမိတို့ရရှိလာသည့် အတွေ့အကြုံ၊ ပညာများနှင့်အတူ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိလုပ်ငန်း၊ အဖွဲ့အစည်းများ၊ ဦးစီးဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၈၀ တို့က ရက်သတ္တ ပတ်ရှစ်ပတ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်