မျက်မှောက်ကာလတွင် ပထဝီနိုင်ငံရေးကို အကြောင်းပြုသည့် နိုင်ငံများနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံအချို့က စွက်ဖက်လွှမ်းမိုးခြယ်လှယ်မှုများ ပြုလုပ်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ပထဝီနိုင်ငံရေးအရ အရေးပါသောနေရာတွင်ရှိသည့် မြန်မာနိုင်ငံအနေဖြင့် ဖိအားပေးစွက်ဖက်မှုများကို အစဉ်တစိုက်ကြုံတွေ့နေရပေသည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကိုအကြောင်းပြု၍ အင်အားကြီးနိုင်ငံနှင့် မကင်းရာမကင်းကြောင်းဖြစ်သည့် အဖွဲ့အစည်းများနှင့် နိုင်ငံများ၏ စွက်ဖက်ဖိအားပေးမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
လက်ရှိတွင် အာဆီယံနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအချို့က မြန်မာ့နိုင်ငံရေးတွင် တစ်ဖက်သတ်စွက်ဖက် ဖိအားပေးမှုများရှိနေသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ကပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ မြန်မာနိုင်ငံအရေးတွင် အင်အားကြီး နိုင်ငံအချို့၏ ဖိအားပေးမှုကြောင့် အာဆီယံအခြေခံစည်းမျဉ်း၊ အာဆီယံမူများအား သွေဖည်ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ဖိအားပေးစွက်ဖက်မှုကြောင့် မိသားစုသဖွယ်ရပ်တည်လာခဲ့သော အာဆီယံနိုင်ငံများအတွင်း စည်းလုံးညီညွတ်မှု လျော့နည်းလာသည့်သဘော ဖြစ်သည်။
အောက်တိုဘာလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင်ပြုလုပ်သော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ)၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြရာ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာပါ အကြောင်းအရာ တစ်ခုလုံးနီးပါးသည် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ်ထားသည် ဆိုသည့် သူများ၏ သိမ်းကျုံးစွပ်စွဲပြောကြားချက်များကို တိုက်ရိုက် ပြန်လည်ဖော်ပြချက်များသာဖြစ်သည်။
အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင်လည်း အပြု သဘောဆောင်သော ဖော်ပြချက်တစ်ခုတလေမျှမပါရှိဘဲ အကောင်းမမြင် အပျက် သဘောဆောင်ပြီး ချဲ့ကားဖော်ပြချက်များသာ ဖြစ်နေသည်ကို တွေ့ရသည်။ အစီရင်ခံစာနှင့် ရှင်းလင်းတင်ပြချက်များသည် မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်နေမှုများအပေါ် တွင် အခြေမခံဘဲ အကြမ်းဖက်အဖွဲ့များ၊ အကြမ်းဖက်အဖွဲ့များကို အထောက်အကူပြုနေသည့် လူမှုအဖွဲ့အစည်း အမည်ခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အခြေအမြစ်မရှိ၊ မှန်ကန်မှုမရှိသည့် နှုတ်ပြောစကားများအပေါ် အခြေခံထားသည်။ အမှန်တကယ်တွင် ၎င်းအဖွဲ့အစည်းများသည် ပြည်ပအဖွဲ့အစည်းအချို့ထံမှ တရားမဝင် အထောက်အပံ့များ ရရှိနေသည့် အလိုတူအလိုပါများသာဖြစ်သည်။
အောက်တိုဘာလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် အနန့်ပါဖြစ်စဉ်ကို တစ်ဖက်သတ် မမှန်မကန် ဖန်တီးလုပ်ကြံထားသော သတင်းများနှင့် စွပ်စွဲချက်များကို အခြေခံ၍ မီးမောင်းထိုး ပုံကြီးချဲ့ပြောကြားထားပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကျိုက်ထီးရိုးစေတီတော်၌ ဘုရားဖူးသူများကို အကြောင်းမဲ့ရက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေကျေဒဏ်ရာရမှုများနှင့် အောက်တိုဘာလ ၂၁ ရက်နေ့တွင် KNU/KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် NUG၊ CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်များသို့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးခဲ့ရမှုများကို မျက်ကွယ် ပြုထားသည်။ ထို့အပြင် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၄၀၇၃ ဦး သေဆုံးခဲ့ရသည်ကို လျစ်လျူရှုထားသည်။
ကမ္ဘာ့ပြည်သူများအကျိုးဆောင်ရွက်နေသော၊ လူသားချင်းစာနာထောက်ထားမှုကို ရှေးရှုနေသော၊ နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု၊ တရားမျှတမှု၊ ရိုင်းပင်းကူညီမှုကို တန်ဖိုးထားသော နိုင်ငံတကာအဖွဲ့အစည်းများ၏ မူလရည်ရွယ်ချက်နှင့် လက်ရှိဆောင်ရွက်နေမှုများမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ မြန်မာနိုင်ငံအရေး နှင့်ပတ်သက်၍ မှန်ကန်မှုမရှိသော သတင်းအချက်အလက်များနှင့် ချဲ့ကားထားသည့် အချက်အလက်များကို အခြေခံ၍ နိုင်ငံတကာမှ အာရုံစိုက်လာအောင် လုပ်ဆောင်သည့် နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ လုပ်ဆောင်ချက်သည် ဘက်မလိုက်သော၊ ပညာရှင်ဆန်သော ကိုယ်ပိုင်ဝိသေသများကို ကိုယ်တိုင်ပြန်ဖျက်ဆီးနေသည့် ဂုဏ်သရေညှိုးနွမ်းစေသော လုပ်ရပ်များသာဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက် မမှန်မကန် စွပ်စွဲပြောကြားခဲ့သော တစ်ဖက်သတ်လုပ်ရပ်များကို မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါမျှ လက်မခံဘဲ ပြင်းထန်ပြတ်သားစွာ ကန့်ကွက်ရှုတ်ချပါကြောင်း။ ။