Skip to main content

မွန်မြတ်သည့်တပ်မတော်နေ့ကိုဂုဏ်ပြု အစိုးရ၊ ပြည်သူနှင့်အတူ လက်တွဲကြိုးပမ်း

တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားပေါ်ပေါက်လာသော အမျိုးသားတပ်မတော်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းထားသည့် မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအခြေအနေများအရ ပြည်ပရန်စွယ်အန္တရာယ်အပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ အမျိုးသားအကျိုးစီးပွားများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။

တပ်မတော်သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် အသက်သွေးချွေးများပေးဆပ်ပြီး စွန့်လွှတ်စွန့်စားကြိုးပမ်းဆောင်ရွက်ခဲ့သလို ရရှိပြီးသောလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး သမိုင်းကြောင်းတစ်လျှောက် အစဉ်အလာကောင်း များကို ခိုင်မာစွာစိုက်ထူနိုင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင် ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးတာဝန်အမျိုးမျိုးကို စွန့်လွှတ်စွန့်စား ကြိုးပမ်းထမ်းဆောင်ခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ရှည်သည်းခံပြီး ခိုင်မာသောစိတ်ထားဖြင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်လျက်ရှိသည်။ တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုနှင့် သယံဇာတ အရင်းအမြစ်များကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

တပ်မတော်ကို ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် ခြေလျင်တပ်ရင်းတပ်ဖွဲ့များသာမက တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် လက်ရုံးတပ်ဖွဲ့များ၏ စွမ်းရည်၊ စွမ်းအားများကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) တွင် လူ၊ လက်နက်ဖွဲ့စည်းမှု အဆင့်မြှင့်တင်ခြင်း သာမက တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ဝယ်ယူဖြည့်တင်းခြင်းများအပြင် တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကို အဆင့်မြှင့်တင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ခေတ်မီလေယာဉ်များ၊ ရဟတ်ယာဉ်များရရှိရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအရ တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့များတွင် လိုအပ်သည့် လက်နက်စနစ်များနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ဖြည့်တင်းထုတ်လုပ်ဆောင်ရွက်ခဲ့သည်။

“နိုင်ငံရေးအစိုးရများအနေဖြင့် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ပြီး သတ်မှတ်ကာလများအလိုက် ပြောင်းလဲနေမည်ဖြစ်သော်လည်း တပ်မတော်အနေဖြင့် အစိုးရများကဲ့သို့ ပြောင်းလဲမည်မဟုတ်ဘဲ လက်ဆင့်ကမ်းတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်သားအားလုံးအနေဖြင့် နိုင်ငံတော်နှင့် ခေါင်းဆောင်အဆက်ဆက် အမြော်အမြင်ရှိရှိ ချမှတ်ထားခဲ့သည့် မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက်မြှင့်တင်သွားကြရန်” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မတ်လ ၁၃ ရက်နေ့က အလေးအနက်ထား တိုက်တွန်းချက်ကို ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၂၆ ခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့အတွက် ချမှတ်ထားသည့် ဦးတည်ချက်များအနက် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်ယိမ်းယိုင်မသွားရေးတို့အတွက် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ တပ်မတော်က ပါဝင်ထမ်းဆောင်ရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် အတူလက်တွဲပြီး ကျရာကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။        ။