Skip to main content

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန် အောက်တိုဘာ ၃၁

တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် အသုံးချကွန်ပျူတာအဆင့်မြင့်သင်တန်းဖွင့်ပွဲ၊ ရေခဲမုန့်၊ အဖျော်ယမကာနှင့် အအေးမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်ပွဲနှင့် အသုံးချကွန်ပျူတာ ဆရာဖြစ်သင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားသည်။ အဆိုပါ အခမ်းအနားကို ယမန်နေ့၊ နံနက် ၈ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသည့် ပြခန်းများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အသုံးချကွန်ပျူတာဆရာဖြစ်သင်တန်း (၁/၂၀၂၂)တွင် ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက သင်တန်းသား/ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ပျူတာသင်တန်းပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်