နေပြည်တော် အောက်တိုဘာ ၃၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို စီမံကိန်းသဘောသဘာဝနှင့် စီမံကိန်းသဘောတရားများကို ထိထိမိမိ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းမူဝါဒ ပိုင်းဆိုင်ရာများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း အကြောင်းအရာများကိုလည်းကောင်း ပို့ချကြသည်။
အဆိုပါ သင်တန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ၁၅ ဦး၊မြို့နယ် ၄၁ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ၄၁ ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၅၆ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကိုသုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်ပေါ်စေရေး ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ရှေ့ပြေးအနေဖြင့် ကျေးရွာသုံးရွာတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုရှိ မြို့နယ် ၃၉ မြို့နယ်၊ ကျေးရွာ ၄၁ ရွာ၌ တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်