Skip to main content

Cloud Computing နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် IT ပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်ရေး အထောက်အကူပြု သင်တန်းဖွင့်

နေပြည်တော် အောက်တိုဘာ ၃၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Fllow-up Project on Establish-ment of Myanmar ICT Development Institute စီမံကိန်းအတွက် Amazon Web Service(AWS Solution Architect Associate Course နှင့် AWS Solution Architect Professional Course) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မင်္ဂလာသီရိဟိုတယ် နေပြည်တော်၌ ကျင်းပသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor, Dr. Zheng Zhihong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ချောစုမြတို့က အမှာစကား ပြောကြားသည်။

AWS Solution Architect Associate Course နှင့် AWS Solution Architect Professional Course သင်တန်းများဖွင့်လှစ်ပို့ချခြင်းဖြင့် ICT စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်ဖြစ်သော Cloud Computing နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း၊ လုပ်ငန်းခွင်အသင့်ဝင် IT ပညာရှင်များပိုမိုမွေးထုတ်နိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံများရှိ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးအခန်းကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် မဲခေါင်-လန်ချန်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေပြီး မြန်မာနိုင်ငံ၏ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စီမံကိန်းသည် မဲခေါင်ဒေသရှိနိုင်ငံများအတွက် ထိရောက်သော အကျိုးသက်ရောက်မှုရှိသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းအရ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်မည့် AWS Cloud Computing ဆိုင်ရာသင်တန်းများကို ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များက မဲခေါင်-လန်ချန်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ သင်တန်းသား သင်တန်းသူ ၁၀ ဦးက On-line ဖြင့်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များမှ သင်တန်းသား သင်တန်း သူ ၂၅ ဦးက On-Site ဖြင့်လည်းကောင်းစုစုပေါင်း သင်တန်းသား သင်တန်းသူ ၃၅ ဦးတို့ကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်