Skip to main content

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေး ကျင်းပပြုလုပ်မှု

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၁၀၃၀ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ခ်မြို့၊ Shahparirdwip လှေဆိပ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး ရဲဝေစိုး ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးအဖွဲ့နှင့် အမှတ်(၂) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(တက္ကနာ့ဖ်)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး Sheikh Khalid Mohammad Iftekhar ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးအဖွဲ့တို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အခြေပြုလှုပ်ရှားနေသော သောင်းကျန်းသူစခန်းများ၏ တည်နေရာများအား မြေပုံနှင့်တကွ အသိပေးဆွေးနွေးခြင်း၊ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ နယ်စပ်ဒေသတွင် အခြေပြုလှုပ်ရှားသည့် အကြမ်းဖက်သမားများ၊ သောင်းကျန်းသူများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ခိုးဝင်/ထွက်မှုများအား ထိရောက်စွာတားဆီးနိုင်ရေး အလေးထားဆောင်ရွက်ပေးရန်နှင့် ၂၀၂၂ အတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိမှုများအားဆွေးနွေးခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကလည်း နယ်စပ်ဒေသလုံခြုံရေးအခြေအနေများ၊ တရားမဝင် ဝင်/ရောက်မှုများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးမှုခင်းနှင့် လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်ဖွဲ့များအကြား ရှိရင်းစွဲရင်းနှီးခင်မင်စွာ ဆက်သွယ်ဆက်ဆံရေးကိုအခြေခံ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့် အလံတင်အစည်းအဝေးသည် ၁၅:၀၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။