နေပြည်တော် အောက်တိုဘာ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး စားရိပ်သာတွင် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။
ထို့နောက် Conference Room တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ် ဦးရဲနိုင်က MRTV ၏ MRTV-HD၊ MRTV-News၊ MRTV Farmers နှင့် MRTV Sports ရုပ်သံ လိုင်းများ၌ သတင်းဖတ်ကြားသူ ၁၄ ဦး ဖြည့်စွက်ခန့်အပ်နိုင်ရန် ရွေးချယ်လျာထားမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ယင်းဝန်ထမ်းများ၏ သတင်းကြေညာမှုပုံစံ ကြိုတင်ရိုက်ကူးထားသော Video Clip များကို ပြသသည်။
ဂုဏ်ယူကြစေလို
ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နိုင်ငံပိုင်မီဒီယာ ဖြစ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းအသီးသီးတွင် သတင်းတင်ဆက်သည့် အရေးပါသော လုပ်ငန်းတာဝန်များ ထမ်းဆောင်ရခြင်းအပေါ် ဂုဏ်ယူကြစေလိုပါကြောင်း၊ ရုပ်သံထုတ်လွှင့်ရသည့် လုပ်ငန်းစဉ်နှင့်ကဏ္ဍများစွာအနက် ရှေ့ထွက်ပြရသည့်နေရာတွင် တာဝန်ထမ်းဆောင် ရခြင်းဖြစ်၍ အမှားအယွင်းမရှိအောင် အမြဲတမ်းသတိထားပြီး ယုံကြည်မှုရှိအောင် လေ့ကျင့်နေ ရန်လည်း လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများကလည်း သတင်းတင်ဆက်သူများ၏ အသံထွက်မှန်ကန်မှု၊ ဝတ်ဆင်ထုံးဖွဲ့ပြင်ဆင်မှုနှင့် ကိုယ်နေဟန်ထားတို့ကို အမြဲမပြတ် စောင့်ကြည့်စစ်ဆေးပြီး ပြင်ဆင်တည့်မတ်ပေးကြရန်ဖြစ်ကြောင်း မှာကြားကာ ယင်းဝန်ထမ်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်သည်။
ယင်းနောက် MRTV-News Channel အတွက် ယခုနှစ်ဘဏ္ဍာငွေ ခွင့်ပြုချက်ဖြင့် တည်ဆောက်လျက်ရှိသော News Studio သို့ ရောက်ရှိရာ တင်ဒါအောင်မြင်ထားသော Elevate Broadcast Myanmar Co.,Ltd နှင့် Arr Thit Man Technology Co.,Ltd တို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားသည်။
စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်
MRTV News Channel ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး High Definition (HD) အရည်အသွေးနှင့် ဆန်းသစ်မှုများဖြင့် တင်ဆက်ခြင်းကို အရန်သတင်းခန်း Studio ၌ ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါဘဏ္ဍာ ငွေခွင့်ပြုချက်ဖြင့် Studio အသစ်ကို တည်ဆောက်နေပြီဖြစ်၍ ယင်းလုပ်ငန်းပြီးစီးပါက Studio အသစ်သို့ ပြောင်းရွှေ့ပြီး ရုပ်သံရိုက်ကူးထုတ်လွှင့်ခြင်း လုပ်ငန်းစဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်နိုင်မည်ဖြစ်သည်။
ဂုဏ်ပြုဆုငွေချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Auditorium သို့ ရောက်ရှိပြီး နေပြည်တော်ရှိ ဌာနကြီးများတွင် လှည့်လည်ဖျော်ဖြေရန် စုဖွဲ့ပြင်ဆင်လျက်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဝန်ထမ်းများ၏ ခေတ်ပေါ်တီးဝိုင်းနှင့် ဝတ်စုံပြည့် ဇာတ်တိုက်လေ့ကျင့်မှုကို ကြည့်ရှုအားပေးပြီး ယင်းအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအားလုံးအတွက် ငွေကျပ် သိန်း ၂၀ ကို ဆုမဲ ၁၀ ခု ခွဲဝေပြီး ကံစမ်းမဲဖောက်ရာ မဲပေါက်သည့် ဝန်ထမ်း ၁၀ ဦးအား ပြည်ထောင်စုဝန်ကြီးက ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းတာဝန်များကို ရွှင်လန်းတက်ကြွစွာဖြင့် ထမ်းဆောင်ရေး မှာကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးကွင်းသို့ သွားရောက်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော် ဝန်ကြီးချုပ်ဖလား၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စုဖွဲ့လေ့ကျင့်ပြီး လူရွေးချယ်မှုဆောင်ရွက်နေသည့် “ပြန်ကြားရေးဝန်ကြီးဌာန ဘောလုံးအသင်း” ကို ကြည့်ရှုအားပေးကာ စိတ်ဓာတ်ကောင်းမွန်စွာဖြင့် သန့်ရှင်းစွာယှဉ်ပြိုင် ကြရန်မှာကြားပြီး အားကစားသမားများအတွက် အားဖြည့်အချိုရည်နှင့် ကြက်ဥများ ပေးအပ်ခဲ့သည်။
သတင်းစဉ်