Skip to main content

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရေးအတွက် SMART Village စီမံကိန်း ကျေးရွာ(၄၄)ရွာ၌ ဆောင်ရွက်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၆

ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားလာရေးနှင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရေးအတွက် SMART Village စီမံကိန်းကို ယခုနှစ်တွင် မြို့နယ်(၄၂)မြို့နယ်ရှိ ကျေးရွာ(၄၄)ရွာ၌ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

အဆိုပါဝန်ကြီးဌာန၌ ယနေ့ကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကဏ္ဍ(၆)ခုတွင်ပါဝင်သည့် အသင်းအဖွဲ့ခိုင်မာမှုနှင့် နည်းပညာဖြန့်ဖြူးမှု၊ သင်တန်းပေးမှုများသည် အသက်မွေး ဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ချိတ်ဆက်နေရမည်ဖြစ်ကြောင်း၊ ငွေကြေးဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံတို့ ဆောင်ရွက်ရာတွင်လည်း ကျေးလက်ကုန်ထုတ် စွမ်းအားမြင့်မားရေးကို အထောက်အပံ့ဖြစ်စေသည့်လုပ်ငန်းမျိုးကို ရွေးချယ်ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း၊ သို့မှသာ ကျေးလက်ကုန်ထုတ်လုပ်ငန်းများကို လွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကျေးလက်ပြည်သူများ မိသားစုဝင်ငွေတိုးပွားစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေခြင်းမှတစ်ဆင့် ဒေသထွက်ကုန်အပေါ်အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)၊ Cash for Work စီမံကိန်းများသည် ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် အဓိကအရေးပါသည့် လုပ်ငန်းများဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက် စီးပွားမြင့်မားရေးစီမံကိန်း၊ ကျေးလက်အသက် မွေးဝမ်းကျောင်းသင်တန်းများသည်လည်း ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေးနှင့် ကျေးလက်စီးပွားမြင့်မားရေးကို ဖော်ဆောင်ပေးနိုင်သည့်အတွက် ပိုမိုအောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးကိစ္စရပ်များကို မိမိတို့ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် မျိုးစေ့အပါအဝင် သွင်းအားစုများဝယ်ယူရန်၊ စိုက်ပျိုးရေးအသုံးစရိတ်များရရှိရန်အတွက် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ပေးခြင်း၊ ဆိုလာရေတင်စနစ်ဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်းတံတားများဖော်ဆောင်ခြင်းတို့ကို သတ်မှတ်စည်းကမ်းချက်များ၊ စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ကြရန် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ် ကြီးကြပ်ကြရန်လိုကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများကို စီးပွားဖြစ်မွေးမြူနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးတို့ကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ လူတစ်ဦးချင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူးများက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် Contract Farming စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းတို့အား ကျေးရွာများနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် ရန်ပုံငွေသုံးစွဲမှု၊ M&E စနစ်ဖြင့် စောင့်ကြည့်စစ်ဆေးမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များကို အမြန်ဆုံးပြီးမြောက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း)ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ပထဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးတို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု ဒုတိယဆုရရှိရသည့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးနှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်ဦးစီးမှူးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စားရိပ်သာတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်ပျော်ရွှင်ရေး၊ ဝန်ထမ်းသက်သာချောင်ချိရေးနှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးကာ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)