Skip to main content

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် တည်ဆဲဥပဒေ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကျိုးရှိထိရောက်စွာအသုံးချရန်လိုအပ်

နေပြည်တော်၊ အောက်တိုဘာ ၂၅

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိထိရောက်စွာ ဖော်ထုတ်အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးနေမှုအပေါ် အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း သို့မဟုတ် ခွဲစိတ်ခြင်းမပြုရန် ဥပဒေပြဋ္ဌာန်းထားရှိမှုအပေါ် တိကျစွာလိုက်နာ ဆောင်ရွက်ရေးနှင့် မြေခွန်များကို သတ်မှတ်ကာလအတွင်း အပြေအကြေကောက်ခံရရှိရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်တို့က စနစ်တကျကြပ်မတ်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် သတ္တမအကြိမ်အဖြစ် ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက် ဆွေးနွေးကြသည်။

စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့်အခြားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသုံးပြုခွင့် လျှောက်ထားလာသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာများသို့ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲ‌ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဗဟိုကော်မတီက ခွင့်ပြုချထားပေးလျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်မှ ယနေ့အထိ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧရိယာ ဧက(၈၀၀၀)ကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် ဧက (၁၀၀၀)ကျော်၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ဧက(၉၅၃)ကျော်နှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းအတွက် ဧက(၈၀၀၀)ကျော်၊ စုစုပေါင်း ဧရိယာ ဧက(၁၈၀၀၀)ကျော်ကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်သည်။

၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်းပြီး နောက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်းရပ် အသီးသီးအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ခွင့်ပြုဧရိယာ ဧက(၁၈၀၀၀၀)ကျော် ကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ‌ရေး ဗဟိုကော်မတီမှ ခွင့်ပြုထားရှိခဲ့ပြီး ဖြစ်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေးကော်မတီများမှ ဧက (၂၂၀၀၀၀)ကျော် ခွင့်ပြုခဲ့ပြီးဖြစ်၍ တစ်နိုင်ငံလုံး၌ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက (၄၁၀၀၀၀)ကျော် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ ခွင့်ပြုဧရိယာများအပေါ် ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ရန် သတ်မှတ်အချိန်ကာလများ ရောက်ရှိနေပြီဖြစ်၍ အသုံးပြုခွင့်ရရှိထားသူများအနေဖြင့် ဥပဒေ၊ စည်းကမ်းချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ထားရန် လိုအပ်သည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ အပိုဒ် (၅၂) အရ စတင်ခွင့်ပြုသည့် နေ့မှစ၍ (၄) နှစ်အတွင်း ပထမနှစ်တွင် (၁၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် (၃၀) ရာခိုင်နှုန်း၊ တတိယနှစ်တွင် (၃၀) ရာခိုင်နှုန်းနှင့် စတုတ္ထနှစ်တွင် (၂၅) ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့် လုပ်ငန်းပြီးစီးသည်ထိ ဖော်ထုတ်လုပ်ကိုင်ရန်ဖြစ်ပြီး၊ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုထားသော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသတ်မှတ်သည့် ကာလအတွင်း လုပ်ငန်းပြီးစီးသည်ထိ ဖော်ထုတ်လုပ်ကိုင်ရမည်ဖြစ်သည်။ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရယူထားသော်လည်း သတ်မှတ်ချက်များနှင့်အညီ ပြီးစီးအောင်လုပ်ကိုင်ခြင်းမရှိသည့် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ကို ပြန်လည်သိမ်းဆည်းသွားမည့်အပြင် တင်သွင်းထားသော အာမခံကြေးငွေအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ စိစစ်အရေးယူခြင်းလုပ်ငန်းဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များ၌ အထူးဖွဲ့များ ဖွဲ့စည်းပေးလျက်ရှိကြောင်း သိရသည်။

ယနေ့အစည်းအဝေးတွင် ပြည့်စုံမှုရှိသည့်လုပ်ငန်းစာတွဲများအနက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထားမှတ်ချက် ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိမှုများအပေါ် စည်းကမ်းချက် သတ်မှတ်ကာလ (၄) နှစ် ပြည့်မြောက်ပြီးချိန်အထိ မြေပြင်တွင် အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်မှု စစ်ဆေးအထူးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းပေးရန် ကိစ္စရပ်များ၊ အထူးအဖွဲ့၏ စစ်ဆေးချက်ဖြင့် တင်ပြလာသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရယူထားပြီး၊ အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်ခြင်း မရှိသောမြေများအား ပြန်လည်သိမ်းဆည်းရန်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများက မြန်မာ့စီးပွားရေးဘဏ်သို့ မြေခွန်ပေးသွင်းထားမှုများ၊ ရရန်ကျန်ရှိသော မြေခွန်များ အပြေအကြေရရှိရေးကောက်ခံရေး ကိစ္စရပ်များနှင့် မြေခွန်တော်ကြွေးကျန်ရှိသူများအား ဥပဒေနှင့်အညီ စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်