နေပြည်တော် အောက်တိုဘာ ၂၅
တက္ကသိုလ်ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံး နိုဝင်ဘာ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ အောက်တိုဘာ ၂၇ ရက်မှစ၍ စနေ၊ တနင်္ဂနွေအပါအဝင် နိုဝင်ဘာ ၁၈ ရက်အထိ ကျောင်းအပ်လက်ခံကြရမည်ဖြစ်ပါကြောင်း၊ ပထမနှစ်သင်တန်းကို နိုဝင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ် ၉ ရက်တွင် တက္ကသိုလ်နှစ်ဝက်စာမေးပွဲများ ကျင်းပမည်ဖြစ်၍ စာသင်ချိန်အပြည့် သင်ကြားပေးသွားကြရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများအနေဖြင့် သင်ကြားရေးကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ ဘာသာရပ်အလိုက် အတန်းခွဲဝေရာတွင် ခွဲခြားမှု၊ ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဖွင့်လှစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်တစ်ခုတည်း ဘာသာရပ်ဌာနတစ်ခုတည်းတွင် အတူလက်တွဲလုပ်ကိုင်နေသူအချင်းချင်းဖြစ်သဖြင့် အုပ်စုမဖွဲ့သင့်ကြောင်း၊ ခွဲခြားမဆက်ဆံ သင့်ပါကြောင်း၊ အောက်တိုဘာ ၇ ရက်တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ထမ်းများ အထက်အောက် ခင်မင်ရင်းနှီးစွာဖြင့်နေထိုင်ပြီး မိသားစုဆက်ဆံရေးပုံစံဖြင့် နေထိုင်ကြရန်လိုကြောင်း၊ လက်အောက်ကို စေတနာထားပြီး နွေးထွေးသည့် ဆက်ဆံရေးကို တည်ဆောက်၍ ဆောင်ရွက်မည်ဆိုပါက အပြန်အလှန်နားလည်မှုများရရှိပြီး လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန် အောင်မြင်လာမည်ဖြစ်ကြောင်းဖြင့် လမ်းညွှန်မှုပြုခဲ့ခြင်းကို လိုက်နာဆောင်ရွက်ကြရန် ထပ်ဆင့်မှာကြားလိုပါကြောင်း။
ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခများအနေဖြင့် မိမိတို့ တက္ကသိုလ်ပတ်ဝန်းကျင်၊ ဌာနဝန်းကျင်၊ စာသင်ဆောင်ဝန်းကျင်နှင့် စာသင်ခန်းတွင်း သန့်ရှင်းသာယာရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် လုံခြုံရေးအတွက် လှည့်လည်ကြည့်ရှု စစ်ဆေးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအချိန်မှန် အတန်းဝင်ရောက် သင်ကြားရေးကို နေ့စဉ်ကြီးကြပ်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးစာများကို လူမှုကွန်ယက်ပေါ်တင်လျှင် ပြင်းထန်စွာအရေးယူခံရမည်ကို ဝန်ထမ်းများအားလုံး သိရှိနားလည်လိုက်နာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရပ်နှင့်ဆက်စပ်သည့် ဒေသအကျိုးပြုသုတေသနများ ဆောင်ရွက်ကြစေလိုပါကြောင်း၊ သို့မှသာ ပညာရေးဖြင့် ဒေသအလိုက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတက္ကသိုလ်၊ မိမိဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်ဥပဓိရုပ်နှင့် သန့်ရှင်းသာယာရေးကို စိစစ်မည့်အစီအစဉ်၊ နိုင်ငံခြားပြန်ပညာတော်သင်များထံမှ ပညာရေးမြှင့်တင်မှု အကြံပြုချက်များရယူမည့် အစီအစဉ်နှင့် ဆရာ ဆရာမ မွမ်းမံသင်တန်းများ စဉ်ဆက်မပြတ်ပို့ချမည့် အစီအစဉ်တို့ကို ညှိနှိုင်းဆွေးနွေးသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ ပြန်လည်ဖွင့်လှစ်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယနေ့ကျင်းပသည့်လုပ်ငန်းညှိနှိုင်းစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်(၇၅)ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံ/ဘဏ္ဍာ ဌာနမှူးများ၊ ဒုတိယဌာနမှူးများ၊ မော်ကွန်းထိန်းများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်