နေပြည်တော် အောက်တိုဘာ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်သက်တမ်းဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီစဉ်ဆောင်ရွက်ပေးမှု၊ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ပစ္စည်းများထောက်ပံ့ပေးမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်ကြီးများအသင်းနှင့် တရုတ်နွယ်ဖွားများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ၊ နယ်စပ်ဒေသ အပါအဝင် မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်