Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ Drone ယာဉ်အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် အသုံးပြု၍ လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်းကြောင်း အပြစ်မဲ့ပြည်သူ အသက် ၄ နှစ်ရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့နယ်၊ ဘုန်းကံကျေးရွာအတွင်းသို့ ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ် ၁ စီးအသုံးပြု၍ လက်လုပ်ဗုံး ၂ လုံးအား ရမ်းသန်းဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကံကျေးရွာအလယ်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အလျား ၁၂၀ ပေ၊ အနံ ၆၀ ပေရှိ စာသင်ဆောင်၏ မျက်နှာကြက်နှင့် သွပ်မိုးများ ပေါက်ပြဲပျက်စီးခဲ့ပြီး ကျေးရွာတွင် နေထိုင်လျက်ရှိသော အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရကလေးငယ်အား ဘုန်းကံကျေးရွာ ကျေးလက်ဆေးပေးခန်း၌ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျေးရွာအတွင်း လက်လုပ်ဗုံးများ ရမ်းသန်းဖြုတ်ချတိုက်ခိုက်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။