နေပြည်တော် အောက်တိုဘာ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အဓိကဆွေးနွေးလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို တရုတ်နိုင်ငံသို့ Joint Training ခေါ်ယူလေ့ကျင့်ပေးခဲ့မှုနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားသမားများကို Joint Training ထပ်မံခေါ်ယူလေ့ကျင့်ပေးမည်ဆိုသည့်အတွက်လည်း အထူးဝမ်းသာကြောင်း၊ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်