နေပြည်တော်၊ အောက်တိုဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်စွာဘုရား၊ ကင်းမွန်းချောင် တောင်တက်ကားဂိတ်အား ယနေ့နံနက်ပိုင်းတွင် KNLA တပ်မဟာ (၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့ရာ ဘုရားဖူးပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဝါကျွတ်ကာလ အများပြည်သူများ အေးချမ်းစွာ ကျိုက်ထီးရိုး ဆံတော်ရှင် မြတ်စွာဘုရားအား ဖူးမြော်ကုသိုလ်ယူ၍ စည်ကားလျက်ရှိစဉ် KNLA တပ်မဟာ (၁) နှင့် NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဆောင်နိုင်ကြီးရွာဘက်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကင်းမွန်းချောင် တောင်တက် ကားဂိတ်အား အကြောင်းမဲ့ပစ်ခတ်ကာ ဆောင်နိုင်ကြီး ရွာဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့သည်။ ထို့သို့ ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားဖူးလာ ရောက်ကြသည့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရှိသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထွက်ပြေးသွားသည့် အကြမ်းဖက် သမားများအား ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ထပ်ကြပ် လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။
NUG ၊ CRPH အနေဖြင့် ဝါကျွတ် ကာလအတွင်း နိုင်ငံအနှံအပြားရှိ ဘုရားကျောင်းကန်များ၊ အပန်းဖြေစခန်းများတွင် အများပြည်သူများ စည်ကား သိုက်မြိုက်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ ဘုရားဖူးခြင်း၊ အပန်းဖြေအနားယူနေခြင်းတို့အပေါ် မရှုဆိတ်သော အောက်တန်းကျသည့် စိတ်ဓာတ်ဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ ယခု ဖြစ်စဉ်သည်လည်း ၎င်းတို့၏ခိုင်းစေချက်အရ KNLA တပ်မဟာ (၁) နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အများပြည်သူ အေးချမ်းစွာဖြင့် ဘုရားဖူး ကုသိုလ်ယူလျက်ရှိသော သာသနာ့နယ်မြေအတွင်း ရက်စက်သော အကြမ်း ဖက်လုပ်ရပ်လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဂျီနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ချေမှုန်းရေး ဆောင်ရွက်မှု (Counterterrorism Action) ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အများပြည်သူများ အနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေး သတင်းထုတ်ပြန်အပ် ပါသည်။